နတ်တလင်းမြို့၏ ထူးထူးခြားခြား သမိုင်းတွင်သောနေ့
၁၉၆၀ပြည့်နှစ်သည်နတ်တလင်းမြို့အတွက်အလွန်ထူးခြားသောနှစ်ဖြစ်လေသည်၊ထိုနှစ်တွင်နတ်တလင်းမြို့ ၌ နှစ်စဉ်ကျင်းပမြဲဖြစ်သောတန်ဆောင်တိုင်ပွဲတော်ကို နေ့ပွဲညပွဲအစုံအလင်ဖြင့်ခြိမ့်ခြိမ့်သဲမျှစည်ကား သိုက် မြိုက်စွာကျင်းပသည်၊ထိုတန်ဆောင်တိုင်ပွဲတော်မှာသုံးနှစ်တစ်ကြိမ်ကျင်းပလေ့ရှိသောမြတ်ဗုဒ္ဓဓာတ်တော်နှင့် စွယ်တော်လှည့်လည်အပူဇော်ခံပွဲနှင့်လာရောက်တိုက်ဆိုင်သည်၊ထိုနှစ်တန်ဆောင်တိုင်မှာပင်နတ်တလင်း မြို့နယ်လူထုတစ်ရပ်လုံး၏အလှူငွေများဖြင့်တည်ဆောက်သောပြည်သူ့ဆေးရုံသစ်ကြီး ကို အခမ်းအနားဖြင့် ဖွင့်လှစ်သည်၊ထိုမျှထူးခြားသောနှစ်တွင်ကျွန်တော့်အနေဖြင့်နတ်တလင်းမြို့နယ်၌ မီးပုံးပျံစီးပြခွင့်ရခဲ့သည် မှာ ကျွန်တော့်အဖို့(ဦးကျော်လင်း) အလွန်ကံထူးသည်ဟု ဆိုရပေမည်။
ကျွန်တော်သည်၁၉၂၉ခုနှစ်ကထားဝယ်မြို့ပေါ်၌ပေါ်ပီဒေး(ပထမကမ္ဘာစစ်စစ်ပြေငြိမ်းအထိမ်းအမှတ်နေ့) ရန်ပုံငွေအတွက်ကျွန်တော်၏ကျေးဇူးရှင်ဖခင်ဦးကျော်ရင်မီးပုံးပျံစီးပြစဉ်ကဖခင်နှင့်အတူလိုက်၍စီးခဲ့ဖူးသည်၊ ထိုသို့စီးခဲ့ဖူးခြင်းကြောင့်၁၉၆၀ပြည့်နှစ်တွင်နတ်တလင်းမြို့၌ကျွန်တော်မီးပုံးပျံစီးပြရန်အကြောင်းဖန်လာခြင်း
ဖြစ်လေသည်။
ဖြစ်လေသည်။
၁၉၂၉ခုနှစ်ထားဝယ်မြို့၌ဖခင်နှင့်အတူမီးပုံးပျံစီးစဉ်ကကျွန်တော်သည်ထားဝယ်မြို့အစိုးရအထက်တန်း ကျောင်း ၉တန်း၌ပညာသင်ကြားလျှက်ရှိ၍အသက်မှာ၁၆နှစ်ပင်မပြည့်တတ်သေးပေ၊အမှန်မှာထိုနေ့(၁၉၂၉ခု၊ နိုဝင် ဘာလ၆ရက်နေ့)ကကျွန်တော်စီးလိုက်မည့်အကြောင်းကိုမည်သူမျှမသိကြချေ၊ ဖခင်နှင့်အတူစီးလိုက်လိုကြောင်းကျွန်တော်ကပြောကြည့်ခဲ့ရာဖခင်ကခွင့်မပြုသောကြောင့်ကျွန်တော်စီး ဖြစ် မည်မဖြစ်မည်ကိုကျွန်တော်ကိုယ်တိုင်ပင်မသိပေ၊သို့သော်ထိုနေ့နံနက်တွင်ကျွန်တော်ကအတန်တန်ပူဆာ သောကြောင့် နောက်ဆုံး၌ ဖခင်ကလိုက်လျော၍သာ ကျွန်တော်ပါ အတူစီးဖြစ်သွားခြင်းဖြစ်ပေသည်။
ထိုအချိန်ကကျွန်တော်တွင် ဖခင်အားကိုးဖြင့်အတူစီးလိုက်လိုသည့် ဆန္ဒကလွဲ၍ အခြားထူးထူးခြားခြားဘာ ရည်ရွယ်ချက်မျှမရှိချေ၊ ထိုကြောင့်လည်း ၁၉၅၉ ခုနှစ်တွင် နတ်တလင်းတန်ဆောင်တိုင်ပွဲကော်မတီမှ ဖခင် ဦးကျော်ရင်ကဲ့သို့လူကိုယ်တိုင်မီးပုံးပျံစီးပြနိုင်မည့်သူကိုဆုငွေတစ်ထောင်ချီးမြှုင့်မည်ဟုသတင်းစာမှကြော်ငြာ ၍ ဖိတ်ခေါ်ခဲ့စဉ်က ကျွန်တော့်အနေဖြင့် မည်သို့မျှမတုံ့ပြန်ခဲ့ပေ။
နတ်တလင်းမြို့သည် ထိုအချိန်က နှစ်စဉ်တန်ဆောင်တိုင်ပွဲတော်၌ စက္ကူမီးပုံးပျံလွှတ်ပွဲများကို ဆုများပေး၍ အပြိုင်အဆိုင်ကျင်းပခြင်းဖြင့် အလွန်နာမည်ကြီးသောမြို့ဖြစ်သည်၊ နေ့ဘက်တွင် ဆင်ရုပ်၊ ကျားရုပ်၊ နွားရုပ်၊ မီးကျောင်းရုပ်၊စသည်ဖြင့်မီးပုံးပျံများကိုပုံစံအမျိုးမျိုးပြုလုပ်၍ယှဉ်ပြိုင်ကြရသည်၊ညဥ့်ဘက်တွင်မူမီးပုံးပျံအောက် မှချိတ်ဆွဲလိုက်သောပုံတောင်တွဲခေါ်မီးပုံးကလေးများကိုပြာဿဒ်ပုံ၊စေတီပုံ၊ကြယ်ပုံစသည်ဖြင့်ပုံစံအမျိုးမျိုးပြု လုပ်ရုံမကမီးပုံးပျံတက်နေစဉ်အတွင်းပုံစံနှစ်မျိုးသုံးမျိုးပြောင်းစေခြင်းဖြင့်ယှဉ်ပြိုင်ကြသည်၊ ထိုမီးပုံးပျံပြိုင်ပွဲသို့ အခြားမြို့နယ်များမှ ၀ါသနာရှင်များပင် လာရောက်ယှဉ်ပြိုင်ကြသည်။
သို့ရာတွင် ၁၉၅၉ ခုနှစ်သို့ရောက်သောအခါ နတ်တလင်းမြို့မှ တန်ဆောင်တိုင်ကော်မတီလူကြီးများသည် စက္ကူမီးပုံးပျံလွှတ်ပွဲကျင်းပရုံဖြင့်မကျေနပ်နိုင်ဘဲကျွန်တော်၏ဖခင်ဦးကျော်ရင်ကဲ့သို့လူကိုယ်တိုင်စီးပြသော မီးပုံးပျံကို လွှတ်တင်နိုင်အောင် ကြိုးပမ်းလာကြသည်။
ကျွန်တော်၏ဖခင် ဦးကျော်ရင်သည် လက်ပံတန်း၊ ရွှေတောင်၊ ကြို့ပင်ကောက်၊ စသောရန်ကုန်-ပြည်လမ်း တလျှောက်ရှိမြို့များ၌ အကြောင်းအားလျှော်စွာ မီးပုံးပျံစီးပြခဲ့ဖူးသော်လည်း နတ်တလင်းမြို့၌ စီးပြရန် အခွင့် မကြုံခဲ့ပေ၊ ထို့ကြောင့်နတ်တလင်းမြို့မှ တန်ဆောင်တိုင် ကော်မတီလူကြီးများသည် နတ်တလင်းမြို့၌ လည်း လူကိုယ်တိုင်စီးပြသည့်မီးပုံးပျံလွှတ်ပွဲကိုဆင်နွဲနိုင်ရန်အတွက် ၁၉၅၉ ခုနှစ်တွင် သတင်းစာမှနေ၍ စီးပြနိုင်မည့်သူကိုဖိတ်ခေါ်ခဲ့ခြင်းဖြစ်လေသည်။
ထိုဖိတ်ခေါ်ချက်ကိုကျွန်တော့်အနေဖြင့်တုံ့ပြန်ခဲ့ခြင်းမရှိသော်လည်းနောင်သိရသည်မှာကျွန်တော်၏ ဖခင် ဦးကျော်ရင်ကဲ့သို့မီးပုံးပျံစီးပြနိုင်သည်ဆိုသူတစ်ဦးထွက်ပေါ်လာခဲ့သည်၊ ထိုပုဂ္ဂိုလ်၏ အကြံပေးချက်အတိုင်း မီးပုံးပျံကိုပိတ်အုပ်ခြောက်အုပ်ခန့်ချုပ်လုပ်သည်၊မီးပုံးပျံစီးပြရန်ကြေငြာထားသည့်နေ့၌လာရောက်ကြည့်ရှု့ ကြသောပရိသတ်မှာမနည်းလှဟုဆို၏၊သို့ရာတွင်မီးပုံးပျံကိုမှိုင်းသွင်းသောအခါမီးပုံးပျံမှာအရွယ်သေးငယ်ခြင်း၊ မှိုင်းသွင်းပုံးနည်းလမ်းမကျခြင်း၊ထို့ကြောင့်မှိုင်းသွင်းနေစဉ်မှာပင်ပိတ်သားတွင်စွဲကပ်သောမှိုင်းအလေးကြောင့် အိကျလာသဖြင့် နောက်ဆုံး၌ လက်လျှော့လိုက်ရသည်ဟုသိရသည်။
ထိုကြောင့်လူကိုယ်တိုင်မီးပုံးပျံစီးပြမည့်ကိစ္စကိုမဖြစ်မနေကြိုးစားလျှက်ရှိသောနတ်တလင်းမြို့မှ တန်ဆောင် တိုင်ကော်မတီလူကြီးများသည်နောက်နှစ်၁၉၆၀ပြည့်နှစ်တွင်နတ်တလင်းမြို့သားဖြစ်သူဦးကျော်ရိုး(သွေးသောက် မဂ္ဂဇင်းပိုင်ရှင်နှင့်အယ်ဒီတာဦးပြည့်စုံ)မှတဆင့်ဦးကျော်ရင်၏သားမှန်းသိထားသောကျွန်တော့်ညီဦးကျော်ဆန်း ကာတွန်း(ကဆ)ထံချည်းကပ်လာကြသည်၊ကျွန်တော်၏ညီမှနေ၍တဖန်ဖခင်နှင့်အတူမီးပုံးပျံစီးခဲ့ဖူးသော ကျွန်တော့်ထံသို့ ရောက်ရှိလာကြသည်။
ထိုအချိန်ကကျွန်တော်၏ညီကာတွန်းဦးကျော်ဆန်းသည်မြန်မာ့အလင်းသတင်းစာတိုက်တွင် လက်ထောက် အယ်ဒီတာအဖြစ်အမှုထမ်းလျှက်ရှိ၍ ကျွန်တော်ကစာပေဗိမာန်တွင် လက်ထောက်စာတည်း အဖြစ်အမှုထမ်း လျှက်ရှိသည်၊ သို့ဖြင့်မှတ်မိသလောက် ၁၉၆၀ပြည့်နှစ်အောက်တိုဘာလ ၁၇ ရက်နေ့တွင် နတ်တလင်းမြို့ မှတန်ဆောင်တိုင်ကော်မတီလူကြီးများဖြစ်ကြသောဦးဘိုးကျင်နှင့်ဦးကျင်တို့သည် ဦးကျော်ရိုး၊ ကျွန်တော့်ညီ ဦးကျော်ဆန်းတို့နှင့်အတူ ကျွန်တော်ရှိရာ စာပေဗိမာန်သို့ရောက်ရှိလာကြ ပြီးလျှင် မီးပုံးပျံလွှတ်မည့်ကိစ္စကို ရင်းရင်းနှီးနှီးဆွေးနွေးကြသည်၊ကျွန်တော်ကမီးပုံးပျံချုပ်လုပ်ရန်လွှတ်တင်ရန်ကိစ္စအ၀၀ကိုကူညီရန်အာမခံ၍ စီးပြနိုင်မည့်သူကိုမူမိမိတို့ဘာသာရှာကြရန်အကြံပေးလိုက်သည်၊ နတ်တလင်းမြို့မှကော်မတီလူကြီးများ အနေဖြင့်ကား ကျွန်တော်ကိုယ်တိုင်စီးပြစေလိုသော ဆန္ဒရှိကြသည်။
နတ်တလင်းမြို့မှကော်မတီလူကြီးများပြန်သွားသောအခါကျွန်တော်သည်ချုပ်လုပ်မည့်မီးပုံးပျံအတွက်အသေး စိတ်ပုံးစံများရေးဆွဲယင်းကျန်ခဲ့သည်၊ကျွန်တော့်ဖခင်ပထမချုပ်လုပ်သောမီးပုံးပျံမှာကိုက်၄၀ရှိလှသင်္ဂီပိတ် အုပ်ပေါင်း၂၄အုပ်ဖြင့်သံပုရာသီး၊ရှောက်သီးပမာအမြောင်းလိုက်စပ်၍ချုပ်လုပ်ထားကာထက်-အောက်လုံးပတ် အတောင်၁၀၀၊အမြင့်အတောင်၃၀ခန့်ရှိ၍ထုထည်ကုဗပေ၃၂၀၀၀ခန့်ရှိပေမည်၊မီးပုံးပျံကြီးမှာအလွန်ကြီးမား ၍တက်အားလည်းအလွန်ကောင်းသည်၊လူသုံးလေးယောက်အသာကလေးသယ်ဆောင်သွားနိုင်လောက် အောင် အားရှိသည်။
ယခုကျွန်တော်စီစဉ်ချုပ်လုပ်မည့် မီးပုံးပျံကို အကုန်အကျလည်းနည်း၍ လူတစ်ယောက်ကိုလည်း ကောင်းစွာ သယ်ဆောင်နိုင်လောက်အောင်အရွယ်ငယ်စေလိုသည်၊ထိုကြောင့်ပုံကြမ်းအမျိုးမျိုးရေးဆွဲ၍ပုံစံထုတ်ရာနောက် ဆုံးတွင်ပိတ်အုပ်၁၃အုပ်ခန့်ဖြင့်ချုပ်လုပ်၍လုံးပတ်ပေ၁၁၀၊အမြင့်၃၀ပေခန့်နှင့်ထူထည်ကုဗပေ၁၆၄၀၀ ခန့် ရှိမည်ဖြစ်သောမီးပုံးပျံပုံစံကိုထုတ်လုပ်ရရှိသည်၊ထုထည်အားဖြင့်ကျွန်တော့်ဖခင် မီးပုံးပျံ၏ထက်ဝက်ခန့် ရှိမည်ဖြစ်၍ လူတစ်ယောက်ကိုကောင်းစွာသယ်ဆောင်နိုင်မည်မှာ သေချာသည်။
နောက်လေးငါးရက်ခန့်အကြာတွင် နတ်တလင်းမြို့မှ ကော်မတီလူကြီးများ ဒုတိယအကြိမ်ပြန်လာကြသော အခါဦးကျော်ရိုးနှင့်အတူ ဦးသူငယ်နှင့်အတူမီးပုံးဝိဇ္ဇာဦးတင်မောင်လည်း ပါလာသည်၊ ဦးတင်မောင်မှာ ထိုအချိန်က မီးပုံးပျံများကို ပုံစံအမျိုးမျိုးပြုလုပ်လွှတ်တင်ရာ၌ ပြိုင်ဘက်ကင်းသူဖြစ်၍ သူ့ကိုယှဉ်ပြိုင်ခြင်း မပြု စေတော့ဘဲအကဲဖြတ်လူကြီးများအဖွဲ့တွင် ပါဝင်ဆောင်ရွက်ရန် တာဝန်ပေးအပ်ခြင်းခံရသူဖြစ်သည်။
မီးပုံးပျံချုပ်လုပ်မည့်ကိစ္စအသေးစိတ်ကို တိုင်ပင်စီစဉ်ကြပြီးနောက် ပိတ်အုပ်နှင့်ကြိုးများကို ကျွန်တော်တို့ အတူတကွလိုက်ဝယ်ကြသည်၊ ကော်မတီလူကြီးများက ဖြစ်နိုင်လျှင် ကျွန်တော်ကိုယ်တိုင်စီးပြလိုသောဆန္ဒ ကိုထပ်မံပြောကြားသည်၊ အမှန်အတိုင်းဝန်ခံရလျှင် ကျွန်တော့်အနေဖြင့် ထိုအချိန်တွင် ကိုယ်တိုင်စီးသင့် မစီးသင့်စဉ်းစားနေပြီဖြစ်သည်၊ သို့သော်ချီတုံချတုံဖြစ်ဆဲမို့ ယတိပြတ်အဖြေမပေးသေးဘဲ စဉ်းစားမည်ဟု သာမတင်မကျပြန်ကြားလိုက်သည်။
ကော်မတီလူကြီးများနတ်တလင်းပြန်သွားကြပြီးနောက်မီးပုံးပျံကိုအချိန်မှီပြီးစီးအောင်မီးပုံးဝိဇ္ဇာဦးတင်မောင် ကိုယ်တိုင်ဦးစီးပြီးအပူတပြင်းချုပ်လုပ်နေပြီဖြစ်ကြောင်းသတင်းရရှိသောအခါကျွန်တော့်ခေါင်း ထဲသို့အတွေး တခုဝင်ရောက်လာသည်၊မီးပုံးပျံကိုကျွန်တော်စီစဉ်ပေးလိုက်သည့်အတိုင်းချုပ်လုပ်နေပြီမီးပုံးပျံလွှတ်မည့်နေ့ တွင် ကျွန်တော်ကိုယ်တိုင်သွားရောက်ကြီးကြပ်ဖို့လည်း စိတ်ကူးထားသည်။
သို့ရာတွင် မီးပုံးပျံစီးပြသည့်ကိစ္စချောမောအောင်မြင်သွားလျှင်ဘာမှပြောစရာမရှိ၊ မီးပုံးပျံစီးသူမှာ ယခင်က အတွေ့အကြုံမရှိသဖြင့်အကယ်၍မတော်တဆခြေချော်လက်ချော်ဖြစ်သွားခဲ့သော်မီးပုံးပျံစီးပြသည့်ကိစ္စတစ်ခု လုံးမည်သို့ဖြစ်သွားမည်စိုးရိမ်စိတ်ဖြင့်အတွေးက ကျွန်တော့ခေါင်းထဲသို့ဝင်ရောက်လာသည်၊ ထိုကြောင့် ကျွန်တော်ကိုယ်တိုင်စီးမှအဆင်ပြေမည်ကိုဆင်ခြင်မိသည့်အတိုင်းကျွန်တော့်ဖခင်ဦးကျော်ရင် ကိုလည်းပြန် သတိရကြစေခြင်းငှာ ကျွန်တော်ကိုယ်တိုင်စီးပြဖို့ ယတိပြတ်ဆုံးဖြတ်လိုက်တော့သည်။
ကျွန်တော်၏အတွေ့အကြုံအရပြောရလျှင်မီးပုံးပျံစီးပြမည့်သူသည်ရှေးဦးစွာသတ္တိအတော်အတန်ရှိဖို့တော့ လိုသည်၊ထိုနောက်ကျန်းမာရေးနှင့်ပြည့်စုံပြီးခြေလက်မြဲကာဖျက်လက်ဖို့လိုသည်၊ထိုနောက်သတိအလွန်ရှိဖို့ လိုသည်၊မီးပုံးပျံသည်မြေပြင်မှတက်စတွင်လိုက်ပါသူကိုရုတ်တရက်အရှိန်ဖြင့်ဆောင့်ဆွဲသွားတတ်သည်၊ ထိုနောက်အနီးပတ်ဝန်းကျင်တွင်အဆောက်အဦများ၊သစ်ပင်များရှိကလေပင့်ရာပါပြီး ရိုက်ခတ်မိတတ်သည်၊ အရေးအကြီးဆုံးမှာမြေပြင်သို့ပြန်ကျလာချိန်တွင်ဖြစ်၏၊မီးပုံပျံတွင် မှိုင်းများက ခပ်ဖြည်းဖြည်းကျလာတတ်၍ မှိုင်းနည်းက လျင်မြန်စွာကျလာတတ်သည်။
တဖန်လေဆောင်ရာသို့လိုက်ပါရသည့်အတိုင်းမြေကြီးပေါ်သို့ကျမည်လော၊ခေါင်မိုးပေါ်ကျမည်လော၊သစ်ပင် ပေါ်ကျမည်လော၊ ရေထဲကျမည်လော၊ ဆိုသည်ကိုမည်သို့မျှကြိုတင်ပြီးမခန့်မှန်းနိုင်ပေ၊တဖန်မီးပုံးပျံသည်မြေပြင်ပေါ်ပြန်ကျလာသောအခါ မြေကြီး နှင့်ဆောင့်မိပြီး အပေါ်သို့ထန်းနှစ်ဖျားသုံးဖျားခန့်ပြန်တက်သွားလေ့ရှိသည်၊ထိုသို့ပြန်တက်စဉ်မီးပုံးပျံကိုတွဲထားရန်ကြိုးစား ပါကတရွတ်တိုက်ပါသွားလိမ့်မည်၊ထို့ကြေင့်မည်သည့်နေရာတွင်ကျသည်ဖြစ်စေ၊ မီးပုံးပျံနှင့်လိုက်ပါသွားသူ သည် ထိုနေရာ၌ ဖြစ်သည့် နည်းနှင့်နေရစ်ခဲ့ရန် သတိရဖို့အရေးကြီးပေသည်။
ကျွန်တော်ကိုယ်တိုင် မီးပုံးပျံစီးပြဖို့ဆုံးဖြတ်လိုက်သည်နှင့် တပြိုင်နက် ကျွန်တော့်ညီဦးကျော်ဆန်းမှတဆင့် ဦးကျော်ရိုးထံအကြောင်းကြားလိုက်သည်၊ဦးကျော်ရိုးမှတဖန်နတ်တလင်းသို့တယ်လီဖုန်းဖြင့်သတင်းပို့လိုက်
သောအခါနတ်တလင်းမြို့မှကော်မတီလူကြီးများအားလုံးဝမ်းမြောက်မဆုံးဖြစ်သွားကြောင်းသိရသည်၊ နောက် ရက်များမကြာမီမြန်မာ့အလင်းနှင့် ဗိုလ်တထောင်သတင်းစာများ၌ နတ်တလင်းတန်ဆောင် တိုင်ပွဲတော်တွင် ကျွန်တော်ကိုယ်တိုင် အဖခြေရာနင်းပြီး မီးပုံးပျံစီးပြမည့်သတင်း ပါလာသည်။
ကျွန်တော်သည်ထိုအချိန်တွင်အသက်အားဖြင့်၄၆နှစ်ကျော်ရှိနေပြီ၊ငယ်စဉ်ကဘောလုံးသမားတစ်ယောက်ဖြစ် ကာဖခင်နည်းတူဂျွမ်းဘားဝါသနာပါသူဖြစ်သော်လည်းယခုအခါဘောလုံး၊ဂျွမ်းဘားတို့နှင့်အဆက်ပြတ်နေသည် မှာအတော်ကြာသွားလေပြီ၊ထို့ကြောင့်ကိုယ်တိုင်မီးပုံးပျံစီးပြဖို့ဆုံးဖြတ်လိုက်ပြီးသည့်နေမှစ၍ ကျွန်တော် သည်အတန်ပြန်လည်ဖျက်လတ်လာစေရန်အတွက်ကျန်းမာရေးလေ့ကျင့်ခန်းများကိုအိမ်ထဲ၌အပြင်းအထန်
လေ့ကျင့်ရတော့သည်။
နတ်တလင်းမြို့၌ နိုဝင်ဘာလ၂ရက်၊(၁၃၂၂ခုတန်ဆောင်မုန်းလပြည့်)ဗုဒ္ဓဟူးနေ့တွင်မီးပုံးပျံစီးပြရန် သတ် မှတ်ပြီးဖြစ်သည့်အတိုင်းကျွန်တော်သည်ကျွန်တော်၏သမီးမြို့မအမျိုးသမီးအထက်တန်းကျောင်း ကျောင်းသူ (၂)ယောက်၊ ညီဦးကျော်ဆန်းတို့နှင့်အတူ နတ်တလင်းမြို့သို့ အောက်တိုဘာလ ၃၁ ရက်နေ့ညဥ့်ရထားဖြင့် လိုက်ပါသွားကြသည်။
နတ်တလင်းဘူးတာတွင် တန်ဆောင်တိုင်ကော်မတီလူကြီးများ လာရောက်ကြိုဆိုနေကြ၍ ကျွန်တော်တို့ကို ပန်းတိမ်ဆရာကြီးဦးအေးမောင်နေအိမ်၌ တည်းခိုနေထိုင်ရန်နေရာချထားသည်၊ ကြိုတင်စီစဉ်ထားသည့် အတိုင်း မီးပုံးပျံစီးမပြမီတစ်ရက်အလို နိုဝင်ဘာလ ၁ ရက်နေ့နံနက်တွင် သကျမဟာမြတ်မုနိဘုရားကြီး အရှေ့ဘက်ရှိအစိုးရအထက်တန်းကျောင်းဝင်းအတွင်း၌မီးပုံးပျံကိုမှိုင်းအ၀သွင်းကြည့်ရာစိတ်ကျေနပ် လောက် အောင် ကောင်းစွာ အောင်မြင်သည်ကိုတွေ့ရသည်။
နောက်နေ့ နိုဝင်ဘာလ ၂ ရက် (တန်ဆောင်မုန်းလပြည့်နေ့ )နံနက် ၈ နာရီကျော်လောက်တွင်မီးပုံးပျံစီးပြ မည့်ကွင်းထဲသို့ ကျွန်တော်တို့ရောက်ရှိသွားသောအခါ ကြည့်ရှုရန်လာသောပရိသတ်မှာ အတော်များများ ပင် ရောက်ရှိနေကြပြီ၊
မီးပုံးပျံကို မှိုင်းသွင်းရန် ပြင်ဆင်ထားပုံမှာ ဤသို့ဖြစ်၏၊ လူတစ်ရပ်ခန့်မြင့်သော မှိုင်းပုံးပျံကို ကွင်းအလယ် ၌ တည်ထားပြီးလျှင် မှိုင်းပုံးနှင့် မီးပုံးပျံပိတ်သား မထိမိစေရန် အတွက် မှိုင်းပုံးအပေါ်တွင် ၀ါးလုံးကြီးများဖြင့် ဗူးစင်သဖွယ် စင်တစ်ခု၊ ဆောက်လုပ်ထားသည်၊ မီးပုံးပျံ၏ ဒွါရ (မှိုင်းခံမည့်အ၀)ကို မှိုင်းပုံးပေါ်ဇွတ်ထားပြီး မီးပုံးကိုယ်ထည်ကို မှိုင်းစင်ပေါ်၌ ဖြန့်ထားသည်၊မီးပုံးပျံ၏ထိပ်ကို နံဘေးတစ်ဘက်တစ်ချက်မလှမ်းမကမ်း၌ စိုက်ထူထားသော ၀ါးပိုးတိုင်နှစ်လုံး၏ထိပ်မှစက်သီးကြိုးများဖြင့် ဆွဲတင်ထားသည်၊ မီးပုံးပျံ၏ ဒွါရကို မြေစိုက် ကြိုးများဖြင့် ထိမ်းထား၍ ယင်းတို့ကို အလွယ်တကူ ဖြုတ်နိုင်အောင် ခေါက်တုပ်အရှင်ချည်ထားသည်။
မီးပုံးပျံလွှတ်မည့်ကွင်းတ၀ိုက်ကို စစ်ဖက်၊ ရဲဖက်၊ မီးသတ်ရဲဘော်နှင့် ကြက်ခြေနီအဖွဲ့သားများ စောင့်ကြပ် လျှက်ရှိပြီးဆရာဝန်ကြီးများနှင့်တခြားတာဝန်ရှိပုဂ္ဂိုလ်များလည်းရောက်နှင့်နေကြသည်၊မီးပုံးပျံကျရာသို့မော် တော်ကား၊ မြင်းလှည်းများဖြင့်လိုက်ရန်လည်း အသင့်ပြင်ထားကြောင်း သိရသည်၊ ဒိုး ပတ်ဝိုင်းက တနေရာမှနေ၍ မြူးကြွကြွတီးမှုတ်လျှက်ရှိလေသည်၊
ရာသီဥတုမှာသာယာလျှက်ရှိ၍လေလည်းငြိမ်သဖြင့်မှိုင်းသွင်းရန်အကောင်းဆုံးအခြေအနေကို ဖန်တီးလျှက် ရှိသည်၊ ထိုကြောင့် နံနက် ၉ နာရီ မိနစ် ၅၀ ခန့်တွင် မှိုင်းပုံးအတွင်း ရေနံခွက်ထဲရှိ ရေနံချေးစိမ် ထားသော ဂုန်နီအိတ်အပိုင်းအစများကိုမီးရှို့ပေးခြင်းဖြင့်မီးပုံးပျံကိုမှိုင်းဝ၍သွင်းလေသည်၊ကျွန်တော့်ညီဦးကျော်ဆန်း နှင့် အတူဦးဘိုးကျင်၊ဦးသူငယ်၊ဦးတင်မောင်၊စသည်တို့ကအစစအဆင်ပြေအောင် ကြီးကြပ်ဆောင်ရွက်လျှက်ရှိ သည်။
မီးပုံးပျံသည် တဖြည်းဖြည်းကြွတက်လာသည်နှင့်အမျှ မီးပုံးပျံ၏အိမ်ကို အပေါ်သို့ဆွဲတင်ပေးရသည်၊ မှိုင်းပုံး အတွင်းရှိရေနံခွက်ထဲသို့ရေနံချေးကိုတခွက်ပြီးတခွက်လောင်းထည့်ပေးနေရသည်၊မှိုင်းပုံးရှိ လေ၀င်ပေါက်ကို ဖွင့်ထားရာမီးမှာအရှိန်ပြင်းစွာဖြင့်တဟုန်းဟုန်းတောက်လောင်လျှက်ရှိသည်၊မှိုင်းပုံးကို အပူရှိန်မပြင်းစေ ရန်ရေပိုက်များဖြင့်အဆက်မပြတ်ဆက်ပေးနေရ၍မီးပုံးပျံဒွါရပတ်လည်ရှိပိတ်သားကိုလည်း မီးမဟတ်နိုင်စေ ရန် ရေနာနာပက်ဖျန်းပေးနေရသည်၊
မှိုင်းသွင်း၍၄၅မိနှစ်ခန့်ကြာသောအခါမှိုင်းများအန်လာ၍မီးပုံးပျံမှာရုန်းကန်စပြုလာသည်၊ထိုအခါ မှိုင်းစင်ကို ဖယ်လိုက်၍၀ါးပိုးတိုင်နှစ်လုံးကိုလှဲချလိုက်သည်၊မီးပုံးပျံကို မယိမ်းစေရန် မီးပုံးပျံထိပ်သို့ လေးဖက်လေးတန်မှ ကြိုးများဖြင့်ဆွဲထိန်းပေးထားရသည်၊မီးပုံးပျံမှာဧရာမသင်္ဘောသီးကြီးကိုမြေကြီးပေါ်၌မားမားမတ်မတ်ထောင် ထားသကဲ့သို့ရှိ၏၊ ပရိသတ်မှာများပြားလှ၍ တသိန်းခန့်ပင်ရှိမည်ဟု ခန့်မှန်းကြသည်။
၁၀နာရီမိနစ်၅၀ခန့်အချိန်ရောက်သောအခါမီးပုံးပျံမှာတအားရုန်း၍နေလေပြီ၊အားလုံးအသင့်ရှိကြရန် သတိပေးပြီးနောက် ကျွန်တော်သည်ရတနာသုံးပါး၊မိဘဆရာသမားများနှင့်သက်ကြီးရွယ်ကြီးများကိုလက် အုပ်ချီအာရုံပြုပြီးလျှင်မှိုင်းပုံးအနီး၂လံကွာလောက်၌ကျွန်တော်စီးလိုက်မည့်သံဘားတန်းကိုင်းကိုကိုင်၍ ရပ်နေလိုက်သည်၊မီးပုံးပျံဒွါရကိုထိန်းထားသောခေါက်တုပ်ကြိုးအရှင်များကိုကိုင်ထားသူများမှာအသင့်ဖြစ်
နေကြလေပြီ။
ကျွန်တော်သည်ထိုအချိန်ကစပို့ရှပ်အဖြူ၊ဘောင်းဘီတိုအဖြူ၊ခြေအိတ်အဖြူ၊ကင်းဘတ်ဖိနပ်အဖြူဖြင့်တင်း နစ်ကစားသမားတဦးပမာဝတ်ဆင်ထားသည်၊ငယ်စဉ်ကဖခင်နှင့်အတူမီးပုံးပျံစီး၍လိုက်ဖူးသည်ကိုအမှတ် ရပြီးကျွန်တော်သည်ဖခင်အားအထူးသတိရတမ်းတနေမိသည်၊ပရိသတ်အချို့မှာကျွန်တော်၏လှုပ်ရှားမှုကို ကြည့်ကာရွှင်ပြအားတက်လျက်ရှိသော်လည်းအချို့ကမှုစိုးရိမ်မကင်းသည့်မျက်နှာများဖြင့်ကြည့်နေကြဟန် ရှိပေသည်။
ကျွန်တော်စီးလိုက်မည့်သံဘားတန်းကိုင်းကိုမီးပုံးပျံဒွါရတွင်ချည်ထားသောပေ၃၀ခန့်ရှိသည့်သံကြိုးအဆုံး၌ ချည်ထား၍ထိုကြိုးကိုကျွန်တော့်ရှေ့နား၌အလိုက်သင့်ခွေထားသည်၊သံဘားတန်းကိုင်းမှာငါးမူးလုံးဖြင့်ပြုလုပ် ထား၍အမြင့်၇ပေခွဲ၊အကျယ်၂ပေရှိသည်၊အပေါ်ဘက်တွင်ဂျွမ်းထိုးနိုင်ရန်ဘားတန်းတစ်ခုနှင့်အောက်ဘက်တွင် ရပ်လိုကရပ်၊ထိုင်လိုကထိုင်နိုင်ရန်ဘားတန်းတစ်ခုပါရှိသည်၊အပေါ်တက်စဉ်ဝှေ့ယမ်းပြရန်နိုင်ငံတော်အလံ ငယ်တစ်ခုကိုသံကိုင်းတွင်ချည်ထားပြီးပြန်အကျတွင်အလေးချိန်လျော့ချရန်အတွက်သဲအိတ်များချည်ထား သသည်၊ခေါင်မိုးပေါ်၊သစ်ပင်ပေါ်ကျပါကအသုံးပြုနိုင်ရန်ကြိုးတခွေကိုအသင့်ချည်ထား၍ရေထဲကျပါကဖော့ ကွင်းပမာအသုံးပြုနိုင်ရန်လေထိုးထားသောမော်တော်ကားကျွတ်တစ်လုံးကိုသံကိုင်းအောက်၌ချည်ထားသည် အမှန်မှာထိုအနီးတ၀ိုက်၌ရေထဲသို့ကျစရာအကြောင်းမရှိသော်လည်းကျွန်တော့်ဖခင်မီးပုံးပျံစီးသည့်အခါဆောင် ယူသွားလေ့ရှိပုံကိုသိမြင်ကြစေရန်သဏ္ဍန်လုပ်ပြခြင်းဖြစ်ပေသည်၊(ကျွန်တော်၏ဖခင်စီးစဉ်ကသဲအိတ်များနှင့် ကြိုးမပါပေ)။
နောက်၃မိနစ်ခန့်အကြာတွင်အားလုံးအသင့်ဖြစ်သောအခါကျွန်တော်ကမှိုင်းထိုးနေသူအားအချက်ပြလိုက် သည်၊ထိုအခါမှိုင်းထိုးနေသူကရေနံရိုးရိုးနှစ်ခွက်သုံးခွက်ဆင့်၍လောင်းထည့်ပေးလိုက်ရာမှိုင်းပုံးအ၀မှနေ၍ မီးပုံးပျံအတွင်းသို့မီးစွယ်ကြီးတစ်ခုထိုးဝင်သွားပြီးလျှင်အားရှိပါးရှိရုန်းကန်လျှက်ရှိသောမီးပုံးပျံကိုထပ်ဆင့် တွန်းအားပေးလိုက်သည်။
ကျွန်တော်သည်ဒူးကိုအနည်းငယ်ကွေးညွတ်ချလိုက်ပြီးပါးစပ်မှ'လွှတ်' ဟုအော်၍အချက်ပေးလိုက်သည်နှင့် တပြိုင်နက်ခေါက်တုပ်ကြိုးအရှင်ကိုင်ထားသူများကမိမိတို့ကြိုးစများကိုပြိုင်တူဆွဲဖြုတ်လိုက်ကြသည်၊မီးပုံးပျံ လည်းတဟုန်ထိုးတက်သွားတော့သည်၊ ကျွန်တော်သည်ရှေ့နားတွင်ခွေထားရာမှမီးပုံပျံနောက်လိုက်ပါ သွား သောကြိုးကိုအားရုံးစိုက်ကြည့်နေပြီးကြိုးတင်းလုသည်နှင့်တပြိုင်နက်တအားခုန်ကာဘားတန်းကိုစွဲ၍ လိုက်သွားရသည်၊ဒိုးပတ်သံနှင့်အတူပရိတ်သတ်၏လက်ခုပ်သြဘာသံများမှာ တကွင်းလုံးလျှံသွားတော့သည်
ကျွန်တော်သည်နိုင်ငံတော်အလံကိုဝှေ့ယမ်းပြယင်းအောက်ဘားတန်းပေါ်တွင်ရပ်လျှက်လိုက်ပါသွားသည်၊ မီးပုံးပျံတက်သွားသောအခါဖခင်နည်းအတူအပေါ်ဘားတန်းပေါ်၌နောက်ဂျွမ်းပစ်၍လိုက်သွားရန်စိတ်ကူးထား သည်၊သို့သော်တကယ်တန်းတက်သွားသောအခါမီးပုံးပျံဆွဲစောင့်ရာသို့ရိပ်ကနဲရိပ်ကနဲပါလိုက်သွားသည်ကို ပိတိဖြစ်နေမိသည်ကတကြောင်း၊တမြို့လုံးကိုအပေါ်မှကြည့်ကောင်းကောင်းနှင့်ကြည့်နေမိ၍တကြောင်း၊ဂျွမ်း ပစ်ဖို့ပင်မေ့နေမိတော့သည်၊နောက်သတိရသောအခါမီးပုံးပျံမှာအမြင့်ဆုံးသို့ရောက်လု၍နေပြီသို့ရာတွင် ဘားတန်းပေါ်၌နောက်ဂျွမ်းတပတ်မျှပစ်လိုက်ပြီးဘားတန်းကိုခြေပြန်ချိတ်၍နေလိုက်သည်၊ထိုအမြင့်၌ကျွန်တော် ရုတ်တရက်လှုပ်ရှားသွားသည်ကိုမြင်လိုက်ရသောပရိသတ်အချို့ကကျွန်တော်ပြုတ်များကျလေသလောဟု စိတ်ပူမိသွားသေးကြောင်းနောက်တွင်သိရသည်။
မီးပုံးပျံသည်တက်သည့်နေရာမှလေဆောင်ရာတောင်ဘက်သို့တရွေ့ရွေ့ပါလိုက်သွားသည်၊အမြင့်ဆုံးနေ ရာသို့ရောက်၍မီးပုံးပျံငြိမ်သွားသောအခါကျွန်တော်သည်ညီဦးကျော်ဆန်းရှိရာသို့အလံကိုလှုပ်ခါ၍အချက်ပြ လိုက်သည်၊ပြီးနောက်အသင့်ယူဆောင်သွားသောမောင်းပြန်မောင်းချထားဖြင့်သဲအိတ်တစ်လုံးကိုဖြုတ်ချလိုက် သည်ကျွန်တော့်ညီကအိတ်ကျစဉ်မြေပြင်ပေါ်ရောက်သည်အထိကြာသောအချိန်ကိုစကင်းနာရီခေါ်အချိန်မှတ် နာရီဖြင့်မှတ်ထားလိုက်သည်၊ထိုအချိန်မှာ၈စက္ကန့်ခန့်ကြာသဖြင့်မီးပုံးပျံအမြင့်သို့ရောက်သည့်အမြင့်မှာပေ ၁၀၀၀ကျော်ရှိကြောင်း၊တွက်ချက်ရရှိသည်။
မီးပုံးပျံတက်မည့်ဆဲဆဲအချိန်တွင်နတ်တလင်းဘူတာသို့ပြည်ရထားဝင်လာနေသည်၊သို့ရာတွင်မီးရထားလမ်း တလျှောက်၌ပရိသတ်ပြည့်ကျပ်လျှက်ရှိသောကြောင့်ဘူတာသို့မ၀င်နိုင်ဘဲလမ်းခုလတ်တွင်ရပ်ထားလိုက်ရသည် ထို့ကြောင့်မီးရထားဖြင့်လိုက်ပါလာကြသူများသည်ကျွန်တော့်မီးပုံးပျံစီးပြသည်ကိုမြင်တွေ့သွားကြရသည်။
မီးပုံးပျံသည်တဖြည်းဖြည်းပြန်ကျစပြုရာကျွန်တော်သည်အကျနှေးစေရန်သဲအိတ်များကိုတအိတ်ပြီးတအိတ်ဖြုတ် ချလိုက်သည်မီးပုံးပျံကျရာနောက်သို့လူတစ်ချိုးပြေးလိုက်လာနေသည်ကိုအပေါ်မှမြင်နေရသည်၊မီးပုံးပျံသည် စတက်သည့်နေရာမှ၃ဖာလုံခန့်အကွာလယ်ကွင်းထဲသို့ခပ်ဖြည်းဖြည်းပင်ပြန်ကျလာသည်မြေကြီးပေါ်အရောက် တွင်သံဘားတန်းကိုကျွန်တော်လက်လွှတ်လိုက်သည်မီးပုံးပျံမှာထုံးစံအတိုင်းမြေကြီးနှင့်စောင့်ပြီးနောက်ထန်းနှစ် ဖျားသုံးဖျားခန့်ပြန်တက်သွားသေးသည်။မီးပုံးပျံစတက်သည့်အချိန်မှပြန်ကျသည့်အချိန်အထိ၁၃မိနစ်ခန့်ကြာလေ သည်။
လူတစ်ရပ်ခန့်မြင့်သောစပါးပင်များအကြား၌ကျွန်တော်မြုပ်နေသောကြောင့်ကျွန်တော့်နောက်သို့လိုက်လာ သူများကျွန်တော်ကိုရုတ်တရက်ရှာမတွေ့ဘဲဖြစ်နေကြသည်၊ကျွန်တော်အသံပြုလိုက်မှကျွန်တော်ရှိရာသို့ အပြေးလာကြပြီးလျှင်ကျွန်တော်တားနေသည့်အကြားမှကျွန်တော့်ကိုပခုံးပေါ်အတင်းထမ်းပြီးခေါ်ဆောင်လာ ကြသည်၊မူလကွင်းထဲသို့ပြန်ရောက်လာသောအခါပရိသတ်ကအောင်ပြီ-အောင်ပြီဟုဝမ်းပန်းတသာကြွေးကြော် ကြိုဆိုကြ၍ ကျွန်တော်ကလည်းအောင်ပြီ-အောင်ပြီဟုကြွေးကြော်ရင်းလိုက်ပါလာသည်၊ ၀မ်းသာအားရပြော ကြဆိုကြပြီးနောက်ကျွန်တော်တို့မိသားစုကိုဂျစ်ကားဖြင့်တင်ကာမြို့တစ်ပတ်လှည့်လိုက်ကြသေးသည်။
နောက်နေ့နိုဝင်ဘာလ၃ရက်နေ့တွင်နတ်တလင်းပြည်သူ့ဆေးရုံသစ်ကြီးဖွင့်ပွဲနှင့်ကြုံကြိုက်လျှက်ရှိရာကျွန်တော် ကိုဧည့်ခံမဏ္ဍပ်အတွင်း၌သာယာဝတီအရေးပိုင်မစ္စတာမက်သယူးနှင့်အခြားဂုဏ်သရေရှိလူကြီးများရှေ့မှောက်၌ မီးပုံးပျံပုံပါသောရွှေတံဆိပ်ဖြင့်ချီးမြှင့်ဂုဏ်ပြုကြသည်၊တန်ဆောင်တိုင်ကော်မတီနှင့်သက်ဆိုင်ရာပုဂ္ဂိုလ်များက (နောက်နေ့မှာဟုထင်သည်)ကျွန်တော့်ကိုလက်ဖက်ရည်ပွဲဖြင့်ဂုဏ်ပြုချီးကျူးကြသည်၊ထိုဂုဏ်ပြုပွဲ၌ရန်ကုန်မြို့ ပညာ့အလင်းပြပုံနှိပ်တိုက်ပိုင်ရှင်ဦးဖြိုးကနတ်တလင်းနှင့်ဦးကျော်လင်း 'လင်းနှစ်လင်း'တိုက်နေသဖြင့် မုချ အောင်ရမည်ဟုတွက်ပြီးသားဖြစ်ကြောင်းပြောပြီးနောက်ကျွန်တော်အားနောက်နှစ်ခါတန်ဆောင်မုန်း-စီးလှည့်ပါအုံးဟုဖိတ်မန္တကပြုလိုက်သေးသည်ကိုကျွန်တော်ကြားယောင်နေမိသေးသည်၊ကျွန်တော့်အနေဖြင့် မှုဖခင်ကိုတုရာကျမည်ကိုစိုး၍လည်းတကြောင်းကြောင့်နောက်ထပ်စီးပြဖို့မကြိုးစားခဲ့ပေ။
ကျွန်တော်တို့နတ်တလင်းမြို့၌ရှိစဉ်နတ်တလင်းမြို့၏စည်ကားသောတန်ဆောင်တိုင်ပွဲတော်ကိုကြည့်ရှုခွင့် ရခဲ့ကြသည်၊ ကျွန်တော်တို့ကိုပြည်ရွှေဆံတော်ဘုရားသို့လည်းဂျစ်ကားဖြင့်လိုက်ပို့ပေးကြသေးသည်၊ နတ် တလင်းတွင်၅ရက်ခန့်နေပြီးနောက်ကျွန်တော်တို့ရန်ကုန်သို့ပြန်ခဲ့ကြသည်၊ကျွန်တော်တို့နတ်တလင်း၌ရှိနေ စဉ်အတွင်းကျွန်တော်တို့အားလိုလေသေးမရှိအောင်ရင်းနှီးခင်မင်စွာပြုစုလိုက်ကြသောကျွန်တော်မိတ်ဆွေ ကြီးများ၏မေတ္တာနှင့်စေတနာတို့အားကျွန်တော်တို့ဘယ်တော့မျှမေ့နိုင်တော့မည်မဟုတ်ပေ၊ယခုတိုင်ပြန် လည်မြင်ယောင်နေမိတော့သတည်း။
ဦးကျော်လင်း
၁၅.၃.၈၃
မီးပုံးပျံဦးကျော်ရင်၏သားဖြစ်သူ၊ကိုယ်တိုင်မီးပုံးပျံစီးပြခဲ့သောဦးကျော်လင်း၏ကိုယ်တိုင်ရေးအထုပ္ပတိသဖွယ် စာစောင်အရေးအသားဖြစ်၍ ရေးသားပြုစုထားမှုစာသားများအတိုင်း သမိုင်းမှတ်တမ်းမပျက်မယွင်းဘဲ လေ့ လာနိုင်ရန်အတွက် ဖော်ပြထားရှိပေးခြင်းဖြစ်ပါသည်။
မှတ်တမ်းဖော်ပြသူ
ကိုလင်း(မယ်လိုဒီ)