Popular Posts

picture widgetspicture widgetspicture widgetspicture widgetspicture widgetspicture widgets

နိုင်ငံခြားရေး ၀န်ကြီးဌာန သတင်းထုတ်ပြန်ချက်

The Voice Weekly · 50,340 like this
about an hour ago ·
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အစိုးရ
နိုင်ငံခြားရေး ၀န်ကြီးဌာန

ရခိုင်ပြည်နယ် အခြေအနေဆိုင်ရာ သတင်းထုတ်ပြန်ချက်

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရသည် တရားဥပဒေ စိုးမိုးရေး၊ ငြိမ်းချမ်းရေး နှင့် တည်ငြိမ်ရေး တို့ကို အဓိကထားကာ ငြိမ်းချမ်း၍ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကို တည်ဆောက်လျက်ရှိပါသည်။
ထိုကဲ့သို့ တရားဥပဒေစိုးမိုးရေး၊ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးတို့ကို တစ်တိုင်းပြည်လုံးအတွက် အချိန်ပြည့် လုပ်ဆောင်လျက်ရှိရာတွင် ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ထိပါးသော ဖြစ်ရပ်နှစ်ခု ရခိုင်ဒေသတွင် ပေါ်ပေါက်ခဲ့ပါသည်။

ပထမတစ်ခုမှာ ရခိုင်ဒေသအတွင်း မေလ ၂၈ ရက်တွင် မိန်းကလေးတစ်ဦးအား လူငယ်သုံးဦးမှ လုယက် မုဒိမ်းကျင့် သတ်ဖြတ်ခဲ့မှုဖြစ်ပြီး နောက်ဆက်တွဲအမှုမှာ ဇွန်လ ၃ ရက်နေ့တွင် တောင်ကုတ်မြို့နယ်အတွင်း ခရီးသည်တင်ကားပေါ်မှ ခရီးသည် ဆယ်ဦးအား သတ်ဖြတ်ခဲ့ခြင်း တို့ဖြစ်ပါသည်။ ပထမဖြစ်ရပ်တွင် သေဆုံးရသူမှာဗုဒ္ဓဘာသာဝင် ရခိုင်မိန်းကလေးဖြစ်ပြီး ဒုတိယအမှုတွင် သေဆုံးရသူများမှာ မူဆလင်ဘာသာဝင် အမျိုးသားများဖြစ်ကြပါသည်။

ထိုဖြစ်ရပ်နှစ်ခုမှ အစပြု၍ ရခိုင်ဒေသ စစ်တွေ၊ မောင်းတော နှင့်  ဘူးသီးတောင် မြို့နယ်များတွင် ဆူပူအကြမ်းဖက်မှုများ ဖြစ်ပွားခဲ့ပါသည်။ ဆူပူအကြမ်းဖက်သူများက အိမ်များ၊ ဆိုင်များ၊ တည်းခိုခန်းများကို မီးတင်ရှို့ခြင်း၊ လူသတ်ခြင်းများပြုလုပ်ခဲ့ကြပါသည်။ အကြမ်းဖက်မှုများကြောင့် နှစ်ဦး နှစ်ဘက်စလုံးနစ်နာထိခိုက်ခဲ့ပြီး စုစုပေါင်း လူ ၇၇ ဦးသေဆုံးကာ ၁၀၈ ဦး ဒဏ်ရာရရှိခဲ့ကြပါသည်။ အိမ်ပေါင်း ၄၈၂၂ လုံး၊ ဗလီပေါင်း ၁၇ ခု၊ ဘုန်းတော်ကြီးကျောင်းပေါင်း ၁၅ ခု နှင့် စာသင်ကျောင်း ၃ ကျောင်း မီးလောင်ပျက်စီးခဲ့ပါသည်။

အစိုးရသည် ဆူပူအကြမ်းဖက်မှုများ စတင်ဖြစ်ပွားချိန်မှပင်စတင်၍ ဖြစ်ပွားရာဒေသများတွင် ပြန်လည်တည်ငြိမ်စေရန် ကြိုးပမ်းခဲ့ပါသည်။ ထို့အတူ ဆူပူအကြမ်းဖက်မှုများ ပျံ့နှံ့မသွားစေရေး၊ အေးချမ်းမှုကို ပြန်လည်ရရှိနိုင်ရေးအတွက် လုပ်သင့် လုပ်ထိုက်သမျှနည်းလမ်းများကို လုပ်ဆောင်နေပြီးဖြစ်ပါသည်။ ထိုအခြေအနေကို လူအများအားလည်း ပွင့်လင်းမြင်သာစွာဖြင့် အသိပေးခဲ့ ပါသည်။

ရခိုင်ဒေသမှ ဥပဒေမဲ့၊ မင်းမဲ့စရိုက်လုပ်ရပ်များအတွက်အမှန်တရားကို ဖေါ်ထုတ်ရန် ပြစ်မှုကျူးလွန်သူများကို အပြစ်ပေးအရေးယူရန်အတွက် ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး အမှုးပြုသော အဖွဲ့ဝင် ၁၆ ဦးပါဝင်သည့် စုံစမ်းစစ်ဆေးရေး ကော်မတီတစ်ရပ်ကို ဇွန်လ ၆ ရက်နေ့တွင် ဖွဲ့စည်းခဲ့ပါသည်။

ဇွန်လ ၁၁ ရက်နေ့တွင် သမ္မတကြီး ဦးသိန်းစိန်က ရခိုင်ဒေသအရေးအခင်းနှင့် ပတ်သက်၍ တစ်နိုင်ငံလုံးသို့ မိန့်ခွန်းပြောကြားခဲ့ပါသည်။ ထိုသို့ ပြောကြားရာတွင် မြန်မာနိုင်ငံသူ နိုင်ငံသားများအား အစိုးရနှင့်အတူ လက်တွဲဆောင်ရွက်ကြရန်၊ အရေးအခင်းကို သဘောထားကြီးမြတ်မှုဖြင့် ရှုထောင့်စုံမှ နားလည်သုံးသပ်ကြပါရန် ပန်ကြားခဲ့ပြီး အစိုးရအနေဖြင့် အရေးကြီးသော တရားဥပဒေစိုးမိုးမှုကို လက်ကိုင်ပြုကာဖြေရှင်းမည်ဖြစ်ကြောင်းကတိကဝတ်ပြုခဲ့ပါသည်။ ဖြစ်ပွားနေသော ပဋိပက္ခများကိုရပ်စဲနိုင်ရန် တရားဥပဒေစိုးမိုးရေး ပြန်လည်ရယူရန် ဇွန်လ ၁၂ရက်နေ့တွင် ရခိုင်ဒေသကို အရေးပေါ်အခြေအနေကြေညာကာ ထိန်းသိမ်းခဲ့ပါသည်။

ရခိုင်ဒေသ၏ ဖြစ်စဉ်များကို ပြန်လည် သုံးသပ်ရာတွင် ဥပဒေမဲ့မှုများသည် တစ်ဦးအပေါ်တစ်ဦး ဘာသာရေးမတူညီမှုအပေါ်အခြေခံသော မယုံကြည်မှု၊ မုန်းတီးမှု နှင့် ကလဲ့စားခြေလိုမှုများကြောင့် ပျံ့နှံ့ခဲ့ရခြင်းကို တွေ့ရှိရပါသည်။ ထိခိုက်သေဆုံးရသူများမှာ ဗုဒ္ဓဘာသာ နှင့် မွတ်ဆလင် လူအဖွဲ့အစည်း နှစ်ရပ်စလုံးမှဖြစ်သဖြင့် ဒေသတွင်း တစ်ဖက်သတ် ဖိနှိပ်နှိပ်ကွပ်မှု မျိုးမဟုတ်ကြောင်း ထင်ရှားပါသည်။ မြန်မာနိုင်ငံသည် လူမျိုးစုံနေထိုင်ပြီး ဘာသာတရားစုံလက်ခံသော နိုင်ငံဖြစ်ပါသည်။ မတူညီသောယုံကြည်မှုအသီးသီးရှိသော်ငြား နိုင်ငံသူနိုင်ငံသားများ ငြိမ်းချမ်းစွာ၊ လိုက်လျောညီထွေစွာ အတူတကွ နေထိုင်ကြသောနိုင်ငံဖြစ်ပါသည်။

ပဋိပက္ခ ဖြစ်ပွားရာ ဒေသများသို့ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်အစိုးရမှ တာဝန်ရှိသူများ၊ အရပ်ဘက်လူမှုရေးရာအဖွဲ့အစည်းများစွာမှ ကိုယ်စားလှယ်များ သွားရောက်ကြပြီး ပြည်လည်နေရာချထားရေး၊ ပြန်လည်ထူထောင်ရေးနှင့် ကယ်ဆယ်ရေးစခန်းများတွင် ကယ်ဆယ်ရေး နှင့် အထောက်အပံ့ ပစ္စည်းများဖြန့်ဝေခြင်းတို့တွင် ပါဝင်ပြုလုပ်ခဲ့ ကြပါသည်။
ပြစ်မှုကျူးလွန်သူများကို ရာဇဝတ်ကြောင်းဖြင့် ဥပဒေအရ အရေးယူခဲ့ပါသည်။

တစ်ချိန်တည်းမှာပင် တည်ဆဲ ဥပဒေ လုပ်ထုံးလုပ်နည်းများအားဖြင့် ထိုကဲ့သို့သော ဖြစ်ရပ်မျိုး နောက်တစ်ဖန် ပြန်လည်မဖြစ်ပွားစေရန် လိုအပ်သောနည်းလမ်းများဖြင့် ဆောင်ရွက်လျက်ရှိနေပါသည်။
အကြမ်းဖက်မှုများကြောင့် ထိခိုက်ခဲ့သူ ဒုက္ခသည် ရခိုင်လူမျိုး ၁၄၃၂၈ ဦးနှင့် မွတ်ဆလင်ဘာသာဝင် ၃၀၇၄၀ ဦးတွက် အဆိုပါ ဒေသများတွင် ကယ်ဆယ်ရေးစခန်းပေါင်း ၈၉ခုဖွင့်လှစ်ခဲ့ပါသည်။ ရခိုင်ဒေသ၏ ဥပဒေစိုးမိုးမှုအခြေအနေမှာ ပုံမှန်အနေအထားသို့ ပြန်လည်ရောက်ရှိလာနေသဖြင့် အဆိုပါ ကယ်ဆယ်ရေးစခန်းနေဒုက္ခသည်များမှာ မိမိတို့ ရပ်ရွာများသို့ တဖြည်းဖြည်းပြန်လည်ထွက်ခွာသွားလျက်ရှိနေကြပါသည်။

မောင်တောမြို့နှင့် မောင်တောမြို့နယ် ကျေးရွာများအတွင်း မီးလောင်ပြာကျသွားသော အိမ်များ ပြန်လည်တည်ဆောက်ရေး ကြိုးစားမှုများ၏ အစိတ်အပိုင်းအဖြစ် နယ်စပ်ဒေသရေးရာ ၀န်ကြီးဌာနသည် အိမ် ၂၀၂လုံးကိုလည်းကောင်း၊ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR က အိမ် ၂၂၂လုံးကိုလည်းကောင်း၊ နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်းတစ်ခုဖြစ်သည့် Care Myanmar က အိမ် ၁၂၈လုံးကိုလည်းကောင်း တည်ဆောက်သွားမည်။ မောင်တောရှိ ဒုက္ခသည်များအတွက် ရွက်ဖျင်တဲအလုံး ၄၀၀ကို UNHCR က ပို့ဆောင်ပေးပြီး ဖြစ်သည်။ စစ်တွေမြို့နှင့် စစ်တွေမြို့နယ်တွင်း ကျေးရွာများတွင် အမိုးအကာများ ဖန်တီးပေးရန် ရခိုင်ပြည်နယ်အစိုးရက ယာယီရွက်ဖျင်တဲ ၁၇၀ လုံး ကိုလည်းကောင်း၊့် UNHCR ဦးဆောင်သော ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် အခြား INGOများက တဲအလုံး ၆၀၀ကိုလည်းကောင်း တည်ဆောက်သွားရန် ကတိက၀တ်ပြုခဲ့ကြပြီး ဖြစ်သည်။

ဒုက္ခသည်စခန်းများသို့ ပေးပို့ရန် ပစ္စည်းလေးမျိုးအတွက် ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ကြီး (WFP) က အမေရိကန်ဒေါ်လာ ခြောက်သိန်းဖိုး သုံးစွဲပြီးကာ ယခုအချိန်ထိ စခန်းများသို့ ၁၅၁၅တန် ပေးပို့ပြီး ဖြစ်သည်။ ၂၁၀၀တန်ကျော်ကျော် ပစ္စည်းများကို WFP ဂိုဒေါင်များတွင် သိုလှောင်ထားပြီးဖြစ်သည်။
ကုလသမဂ္ဂ မဟာမင်းကြီးရုံးနှင့် နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်းများသည် အိမ်သုံးပစ္စည်း ၆၈၁၈ စုံ၊ တာပေါ်လင်စ ၂၄၁၂စတို့ကို ပြည်နယ်တွင်း ဒုက္ခသည်များသို့ ပေးဝေခဲ့ပြီး ဖြစ်သည်။ နှစ်ဘက်စလုံးမှ နစ်နာသူများ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးတို့အတွက် သန်း၃၀၀၀ကျော် တန်ဖိုးရှိ ငွေနှင့် ပစ္စည်းများကို ပြည်တွင်းနှင့် ပြည်ပ စေတနာရှင်များထံမှ လက်ခံရရှိပြီး ဖြစ်သည်။

အစိုးရသည် ရခိုင်ပြည်နယ်တွင်း အဆိုပါနေရာများတွင် တရားဥပဒေပြန်လည်စိုးမိုးစေရန် ဆောင်ရွက်ရာတွင် အစွမ်းကုန် ထိန်းထိန်းသိမ်းသိမ်းဖြင့် ဆောင်ရွက်ခဲ့သည်။ ထို့ကြောင့် အခြေအနေကို ထိန်းသိမ်းရာတွင် နှိပ်စက်ညင်းပန်းခဲ့သည်၊ အင်အားအလွန်အကျွံ သုံးစွဲခဲ့သည်ဟု အချို့သော ပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများက စွပ်စွဲမှုများကို မြန်မာနိုင်ငံက ပြင်းပြင်းထန်ထန် ပယ်ချသည်။

ပြည်နယ် နေရာအချို့တွင် လူအုပ်စုတစ်ခုနှင့်တစ်ခု အဓိကရိုဏ်း အကြမ်းဖက်မှုသာ ဖြစ်သည့်အတွက် အဆိုပါ ကံမကောင်းအကြောင်းမလှ ဖြစ်ရပ်များသည် ရခိုင်ပြည်နယ်တွင်း မြို့နယ်အချို့တွင်သာ ဖြစ်ပေါ်ခဲ့သည်။
အချို့သော ပုဂ္ဂိုလ်များ အဖွဲ့အစည်းများက ဘာသာရေး ကိစ္စအဖြစ် နိုင်ငံရေးအရောင်ဆိုးခြင်း၊ နိုင်ငံတကာအရေးဖြစ်စေရန် ဖန်တီးခြင်းတို့အား အဖြစ်အပျက်မှန်များနှင့် အခြေအနေမှန်တို့အရ မြန်မာနိုင်ငံက လုံးဝ ပယ်ချလိုက်သည်။

ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးသည် လက်ရှိ ဒီမိုကရေစီဖြစ်စဉ်၊ ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်တို့အတွက် မရှိမဖြစ် ဖြစ်ပါသည်။ အမျိုးသား သွေးစည်းညီညွတ်ရေးနှင့် တိုင်းရင်းသားအမျိုးမျိုး အကြား လူမျိုးရေး သဟဇာတဖြစ်ရေးသည် ပြည်ထောင်စု အဓွန့်ရှည် တည်တံ့ရေးအတွက် အသက်တမျှဖြစ်သည်။ မြန်မာနိုင်ငံသည် ဗုဒ္ဓဘာသာဝင်များ၊ ခရစ်ယာန်ဘာသာဝင်များ၊ မွတ်ဆလင်ဘာသာဝင်များနှင့် ဟိန္ဒူဘာသာဝင်များ ရာစုနှစ်ပေါင်းများစွာ ငြိမ်းချမ်း သဟဇာတဖြစ်ဖြစ် ရာစုနှစ်ပေါင်းများစွာ အတူတကွ နေထိုင်ခဲ့ကြသည်။

ထို့ကြောင့် ရခိုင်ပြည်နယ်တွင် မကြာသေးမီက ဖြစ်ပွားခဲ့သော အဖြစ်အပျက်များသည် ဘာသာရေးအရ ဖိနှိပ်မှုကြောင့်လည်းကောင်း၊ ဘာသာရေးအရ ခွဲခြားဆက်ဆံခြင်းကြောင့်လည်းကောင်း မဟုတ်ပါ။
သက်ဆိုင်ရာ အာဏာပိုင်များသည် လိုအပ်သော ဆောင်ရွက်ချက်များကို သဘောထားကြီးကြီးဖြင့် သတိကြီးစွာထားပြီး ပြုလုပ်ခဲ့ပါသည်။ ထိုကိစ္စကို ဖြေရှင်းရန် အစိုးရသည် ဘာသာရေးခေါင်းဆောင်များ၊ ရပ်မိရပ်ဖများ၊ နိုင်ငံရေးပါတီများ၊ လူမှုရေး အသင်းအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ အခြေအနေအရပ်ရပ်သည် ပုံမှန်အနေအထားသို့ ပြန်လည်ရောက်ရှိနေပြီ ဖြစ်သည်။

နေပြည်တော်
၃၀ ဇူလိုင် ၂၀၁၂

No comments:

Post a Comment

Nattalin Township

သူရိယ အလင်း - လိုင်းပေါင်းစုံ

ရောင်တော်ဖွင့်လူငယ်အဖွဲ့ လှုပ်ရှားမှု(နတ်တလင်းမြို့)

HEART TO HEART

ဟိတကာရီ နာရေးကူညီမှုအသင်း

DoReMe

Pyithu Hluttaw - ပြည်သူ့လွှတ်တော်

ရဲဇာနည်

Eleven Media Group

Shwemyanmar media group

Health Articles

အိပ်ရေးပျက်တဲ့ညများ

နောက်တစ်ကြိမ် လာလည်ဖို့ ဖိတ်ခေါ်ပါတယ် ဆက်လက်ကြိုးစားပေးပါမယ် .... တာရာ ပွကြီး