Popular Posts

အသား ငါး တို့ကို ဘယ်လို စားသင့်သလဲ

by Health Articles on Wednesday, July 25, 2012 at 1:42pm ·



အစားအသောက်မှ ကူးစက်ရောဂါများ မဖြစ်ပွားလိုလျှင် လတ်ဆတ်သည့် အသားငါးများကို နူးနပ်အောင် ချက်ပြုတ်ပြီး ပူပူနွေးနွေး စားသုံးကြရပါမည်။

ဈေးမှဝယ်လာသော သားစိမ်း ငါးစိမ်းများတွင် ရောဂါဖြစ်စေနိုင်သည့် ဘက်တီးရီးယားပိုးများ ပါရှိနေနိုင် သည်။သားငါးများကို နူးနူးနပ်နပ်ချက်ပြုတ်လိုက်သည့်အခါယင်းဘက်တီးရီးယားတို့သည် သေဆုံးသွားသည် ကများ၏။ နူးနနူးနပ်နပ်မချက်ပြုတ်ဘဲ စားသုံးမိလျှင်မူ ဘက်တီးရီးယားပိုးများကြောင့် ရောဂါအမျိုးမျိုး ရရှိနိုင်ပါသည်။

တချို့သော ဘက်တီးရီးယားပိုးများသည် အသားငါးထဲတွင် အကောင်ဘ၀၊ အကောင်သဏ္ဌာန် (Vegetative Form) ရှိနေခြင်းမဟုတ်ဘဲ မျိုးအောင်းစေ့ (Spore) ဘ၀နှင့် ရှိနေတတ်လေသည်။ ဘက်တီးရီးယားပိုးများကို အကောင်ဘ၀ (Vegetative Form) တွင် အပူပေး၍သတ်ရန် လွယ်ကူးသော်လည်း မျိုးအောင်းစေ့ (Spore) များသည် အသား၊ ငါးကို တော်ရုံတန်ရုံ အပူပေး၍ ချက်ပြုတ်ရုံနှင့် သေမသွားတတ်ပါ။ အသား၊ ငါးကို ချက်ပြုတ်ပြီး ချက်ချင်းမစားသောက်ဘဲ ကြာရှည်စွာထားမိပါက အပူချိန်တဖြည်းဖြည်းကျလာနေစဉ် မျိုးအောင်းစေ့ (Spore)ဘ၀မှ အကောင်ဘ၀ (Vegetative Form) သို့ ပြောင်းလဲလာပြီး ရောဂါဖြစ် ပွားစေနိုင်ပါသည်။ ထို့ကြောင့် အသား၊ ငါးများကို စားသုံးလျှင်---

နူးနူးနပ်နပ် ချက်ပြုတ်ရန်၊ ချက်ပြုတ်ပြီး ပူပူနွေးနွေး စားသုံးရန်၊
ချက်ချင်း မစားသုံးဖြစ်လျှင် သေချာစွာ သိမ်းဆည်းထားပြီး မစားသုံးမီ ပြန်၍ အပူပေးရန် အရေး ကြီးပေသည်။
အမဲသား၊ ဆိတ်သား၊ ကြက်၊ ဘဲ၊ ငန်း၊ စသည့် အသားအမျိုးမျိုးကို စားသုံးသည့်အခါ အထူးဂရု စိုက်ဖို့လိုသည်။ အသားများကို အတုံးကြီးကြီးတုံး၍ ချက်ပြုတ်လျှင် ပို၍ဂရုစိုက်ဖို့လို၏။ အမဲသား၊ ၀က်သားတုံးများကို အတုံးကြီးကြီးတုံး၍ ချက်လျှင် အသားတုံး၏ အတွင်းအကျဆုံး အပိုင်းတွင် အပူချိန် ၇၀ ဒီဂရီစင်တီဂရိတ် ရောက်အောင် ချက်ပြုတ်မှသာ စိတ်ချရလေသည်။ စားဖိုမှူးများ အသုံးပြုရန် အသားတုံးများ၏ အတွင်းပိုင်းအပူချိန်ကို တိုင်းနိုင်သည့် သာမိုမီတာ (Probe thermometer) များ ရှိပါသည်။ ကြက်သား၊ ဘဲသား၊ စသည့် ငှက်သတ္တ၀ါများ၏ အသားကို ချက်ပြုတ်သည့်အခါ ယင်းဝတ္တ၀ါများ၏ ၀မ်းဗိုက်အတွင်း၌ ဘက်တီးရီးယား ပိုးများရှိနေတတ်သည်ဆိုသော အချက်ကို သတိထားသင့်ပေသည်။

ခရုကမာ (Shellfish, Oyster)တို့သည် ကောင်းစွာ မချက်ပြုတ်ဘဲ စားလျှင် အန္တရာယ်ပေးနိုင်သည့် အစာများ ဖြစ်ပါသည်။ ယင်းတို့ကိုလည်း အနည်းဆုံး အပူချိန် ၇၀-ဒီဂရီစင်တီဂရိတ် ရောက်အောင် ချက်ပြုတ်ပြီးမှ စားသင့်၏။ ခရုများတွင် ရောဂါဖြစ်စေနိုင်သည့်ပိုးများ အလုံးအရင်းနှင့် ရှိနေနိုင်ပါသည်။ ခရုကမာအခွံကို သေသေချာချာ ပွတ်တိုက်ဆေးကြောပြီးမှ အိုးထဲထည့်ရပါမည်။ ချက်ပြီး ခရုကမာများကို မချက်ရသေးသည့် ခရုကမာကောင်အစိမ်းများ လှီးဖြတ်တုံးတစ်သည့်နေရာတွင် လှီးဖြတ်ခြင်း မပြုသင့်ပေ။ ခရုကမာကောင်အစိမ်းများမှ ရောဂါပိုးများသည် စဉ်းတီးတုံးတွင် ပေကျံနေပြီး ချက်ပြီးသား ခရုကမာဟင်းလျာထဲသို့ ရောက်ရှိသွားနိုင်သောကြောင့်ဖြစ်၏။ ရေခဲခန်းအတွင်းမှ ထုတ်ယူထားသည့် ခရုကမာများကို ရေခဲများပျော်အောင် ပြုလုပ်ပြီးသည့်အခါ မချက်မီ မီးဖိုထဲတွင် ဒီအတိုင်း ပစ်မထားရပါ။ ဟင်းအိုးထဲ မထည့်မချင်း လေးဒီဂရီစင်တီဂရိတ်ရှိသည့် ရေခဲသေတ္တာထဲတွင်သာ ထားရပါမည်။ ခရုကမာဟင်းကို နေ့ဖို့ညစာ ချန်ထားလျှင် အန္တရာယ်များသဖြင့် စား၍ကုန်နိုင်ရုံသာ ချက်စားပြီး၊ မကုန်လျှင် သွန်ပစ်သင့်ပါသည်။


အသား ငါး ချက်ပြုတ်နည်းများ---
အသား ငါးတို့ကို အပူရှိန်ပြင်းပြင်းပေးပြီး မြန်မြန်ကျက်အောင်ချက်ပြုတ်ခြင်းသည် စိတ်အချရဆုံး ဖြစ်၏။ ဆီပူနှင့်ကြော်ခြင်း၊ အတုံးသေးသေးတုံးပြီး ကျက်အောင် မီးကင်ခြင်း၊ မီးအုံးခြင်း၊ လေဖိ အားပြင်းပြင်းနှင့် ပေါင်းခြင်း (Steaming under pressure) စသည်တို့ဖြစ်ပေသည်။

အနီအောက်ရောင်ခြည် (Infrared rays) နှင့် ကြိမ်နှုန်းမြန်အပူလိုင်း (High frequency waves) များကို သုံး၍ အပူပေးလျှင် အသားတုံး၊ ငါးအတုံးများ၏ အတွင်းပိုင်းထိ ထိုးဖောက်နိုင်သော်လည်း အပူဓာတ်ပျံ့နှံ့မှုသည် ညီညီမျှမျှမရှိနိုင်ဟု ဆိုပါသည်။


လေဖိအားသုံး ပေါင်းအိုးများ---
လေဖိအားသုံး ပေါင်းအိုးများဖြင့် သားငါးများကို အချိန်တိုတိုအတွင်း ကျက်အောင်ချက်ပြုတ်နိုင် ၏။ လေဖိအားနှင့် အပူချိန်ကို တပြိုင်နက်တွဲ၍သုံးသော ဤနည်းတွင် ဘက်တီးရီးယားများသာမက ယင်းတို့၏ မျိုးအောင်းစေ့ (Spore) များကိုပင် ပျက်စီးအောင် ဖျက်ဆီးသတ်ဖြတ်နိုင်လေသည်။


ရိုးရိုးဟင်းအိုးများ---
ဒန်အိုး၊ ဒယ်အိုး စသည့် ရိုးရိုးဟင်းအိုးများကို သုံး၍ ထင်း၊ မီးသွေး၊ လျှပ်စစ်မီး စသည်တို့နှင့် ချက်ပြုတ်ရာတွင် အပူချိန်နည်းနည်းနှင့် အချိန်ကြာကြာ ချက်ပြုတ်ကြရပါသည်။ အသားငါးများ ကောင်းစွာကျက်အောင် အချိန်ယူ၍ ချက်ရန် အရေးကြီးသကဲ့သို့ ချက်ပြီးလျှင်လည်း ပူပူနွေးနွေး စားသုံးရန် အရးကြီးပါသည်။


မိုက်ခရိုဝေ့ မီးဖိုများ---
ချက်ပြီးအစားအစာများကို မိုက်ခရိုဝေ့ မီးဖိုဖြင့် လျင်မြန်စွာ ပြန်နွှေးနိုင်သည်။ ချက်ပြီးခဲထားသော အစာများကို အချိန်တိုအတွင်း အလျင်အမြန် စားသုံးလိုသည့် အခါမျိုးတွင်လည်း မိုက်ခရိုဝေ့ မီးဖိုများသည် အသုံးတည့်လေ သည်။ အပူဓာတ် မျှမျှတတ မပျံ့နှံ့ခြင်းနှင့် အသားများ အရောင်ညိုပြီး ကျက်သွားအောင် မပြုနိုင်ခြင်းသည် မိုက်ခရိုဝေ့ မီးဖိုများ၏ အားနည်းချက်များဟု ဆိုပါသည်။ သို့သော် ခေတ်မီ မိုက်ခရိုဝေ့ မီးဖိုတချို့တွင်ထိုအားနည်းချက်များကို ကျော်လွှားနိုင်ပြီးစိတ်ကြိုက်ကင်နိုင်၊ဖုတ်နိုင်၊ ကြော်နိုင်၊ လှော်နိုင်အောင် တီထွင်ထားကြောင်း သိရပါသည်။


မကျက်တကျက် ချက်ထားသော အသား ငါးများ စားသောက်ခြင်း အန္တရာယ်---
အသား ငါးများကို ချက်ပြုတ်ရာတွင် အပူချိန် မည်မျှရောက်အောင် ပေးနိုင်သည်ဆိုသောအချက်က အရေးအကြီးဆုံး ဖြစ်ပေသည်။ လုံလောက်သည့် အပူချိန်ပေး၍ ကျက်အောင်၊ နူးနပ်အောင် ချက်နိုင်မှ အန္တရာယ်ကင်းမည်ဖြစ်၏။ မကျက်တကျက် ချက်ထားသော အသား ငါး ကိုမှ စားလိုသည် ဆိုလျှင် ရောဂါပိုးကင်းသည့် တိရစ္ဆာန်၏ လတ်ဆတ်သောအသား၊ ရောဂါပိုးကင်း၍ လတ်ဆတ်သော ငါးဖြစ်ကြောင်း သေချာဖို့လိုပါသည်။ (ခရု၊ ကမာကဲ့သို့ သတ္တ၀ါများတွင် ရောဂါပိုးကင်းသည်ဟု မည်သို့မှ တပ်အပ်သေချာစွာ မပြောနိုင်ပါ)။ အပူချိန်လုံလုံလောက်လောက်နှင့် ကျက်အောင်ချက်ထားသော အသားသည် အညိုရောင် ဖြစ်ရပါမည်။ အသားတုံး၏ အတွင်းပိုင်းသည် အညိုရောင်သို့ မပြောင်းသေးဘဲ နီမြဲနီနေလျှင် မကျက်သေး (လိုအပ်သည့် အပူချိန် ၇၀-ဒီဂရီ စင်တီဂရီတ်ထိ မရောက်သေး) ကြောင်း သိနိုင်၏။ Salmonella နှင့် Clostridium perfringens ဘက်တီးရီးယားများကြောင့် အစာလမ်းကြောင်း ရောဂါဖြစ်ခြင်း၊ လူအမြောက်အမြား တပြိုင်နက် အစာအဆိပ်သင့်ခြင်းတို့ ဖြစ်ပွားရာတွင် မကျက်တကျက် ချက်ထားသော အမဲသားကို စားသောက်မိခြင်းသည် အကြောင်းရင်းဖြစ်တတ်ပါသည်။


အစားအစာများကို ပြန်နွှေးခြင်း---
တချို့သောသူများသည် အသားများကို အတုံးကြီးကြီးတုံး၍ ချက်ပြုတ်ထားပြီး ကြောင်အိမ်ထဲတွင် သိမ်းဆည်းထားတတ်သည်။ စားခါနီးမှ အတုံးသေးသေးကလေးများ ဖြစ်အောင် လှီးဖြတ်၍ ပြန်နွှေးကာ စားသောက်တတ်၏။ ဤအလေ့အကျင့်သည် အန္တရာယ်မကင်းလှပေ။ ကြောင်အိမ်ထဲရှိ အပူချိန်သည် သာမန်အခန်းတွင်း အပူချိန်သာဖြစ်ရာ ရောဂါဖြစ်စေသည့် ဘက်တီးရီးယားများ ပေါက်လွယ်ပွားလွယ်သော အခြေအနေပင် ဖြစ်၏။ ကြောင်အိမ်ထဲတွင် ကြာရှည်သိမ်းထားခဲ့သည့် အသားဟင်းကို စားခါနီး (ပြီးစလွယ်) ပြန်၍နွှေးရုံဖြင့် ပေါက်ပွားထားသော ဘက်တီးရီးယားများ သေဆုံးသွားမည် မဟုတ်ပေ။ အောက်ပါဇယားတွင် ပတ်ဝန်းကျင် အပူချိန်အမျိုးမျိုး၌ ဘက်တီးရီးယားပိုး များ ပေါက်ပွားနှုန်း ခြားနားပုံကို လေ့လာကြည့်နိုင်၏။

အပူချိန်(စင်တီဂရိတ်) ဘက်တီးရီးယားများ မူလအရေအတွက်၏ နှစ်ဆဖြစ်အောင် ပွားများရန် ကြာသည့် အချိန်။
၎-ဒီဂရီ-----၆-နာရီ။
၁၀-ဒီဂရီ-----၂-နာရီ။
၂၁-ဒီဂရီ-----၁-နာရီ။
၂၈-ဒီဂရီ-----၃၀-မိနစ်။

အသားဟင်းများမှ ရောဂါမရှိလိုလျှင် အလွန်ပူသောအပူချိန် (၆၀-ဒီဂရီအထက်) သို့မဟုတ် အလွန်အေးသော အပူချိန် (၁၀-ဒီဂရီအောက်) တွင် သိမ်းဆည်းထားဖို့ လိုအပ်ပါသည်။ မချက်ရသေးသော အသား ငါးများကို ရေခဲသေတ္တာရှိလျှင် ရေခဲသေတ္တာထဲတွင် သိမ်းထားပြီး ချက်ခါနီးမှထုတ်၍ ကျက်အောင်ချက်စားခြင်းသည် အကောင်းဆုံးဖြစ်လေသည်။ မလွှဲမရှောင်သာ၍ ချက်ပြီးသိမ်းထားသော အသားဟင်း၊ ငါးဟင်းတို့ကို ထိုနေ့မှပင် ပြန်နွှေးပြီး စားရမည်ဆိုလျှင် အသား ငါး၏ အတွင်းပိုင်း ၇၀-ဒီဂရီ စင်တီဂရိတ် ရောက်အောင်သာမက ထိုအပူချိန်တွင် အနည်းဆုံး နှစ်မိနစ်ကြာအောင်ထား ၍ ပြန်နွှေးပြီးမှသာ စားသုံးသင့်ပေသည်။

အသား ငါး စားခြင်းနှင့် သန်ကောင်ရောဂါများ---
ကလေးကို အသား၊ ငါး ကျွေးလျှင် သန်ကောင်ရောဂါရတတ်သည်ဟု ကလေးမိဘ အတော်များများက အထင်မှားနေကြပါသည်။ သူတို့သိထားသော သန်လုံးကောင် (Ascaris) များကို အသား၊ ငါး စားခြင်းကြောင့် ရရှိခြင်းမဟုတ်ပေ။ ရေလောင်းအိမ်သာ၊ တွင်းနက်အိမ်သာ စသည့် ကျန်းမာရေးနှင့် ညီညွတ်သော အိမ်သာများ မသုံးစွဲခြင်း၊ တကိုယ်ရေ သန့်ရှင်းမှု မရှိခြင်းတို့ကြောင့် ကူးစက်ခြင်းသာဖြစ်လေသည်။

သို့သော် အသား၊ ငါးစားရာမှ ကူးစက်ခံရသော သန်ကောင်ရောဂါများလည်း ရှိပါသည်။ ယင်းတို့မှာ လူသိအလွန်နည်းသော သန်ပြားကောင် (Tape worms) များ ဖြစ်ကြ၏။ နူးနပ်အောင် ချက်မထားသည့် အမဲသားမှ (Taenia saginata) သန်ပြားကောင်ရောဂါ၊
နူးနပ်အောင် ချက်မထားသည့် ၀က်သားမှ (Taenia soltium) သန်ပြားကောင်ရော ဂါ၊ နူးနပ်အောင်ချက်မထားသည့် ငါးမှ (Diphyllobothrum latum) သန်ပြားကောင်ရောဂါများ ကာကွယ်ရေးတွင် ပတ်ဝန်းကျင်သန့်ရှင်းရေး၊ ကျန်းမာရေးနှင့် ညီညွတ်သော အိမ်သားများသုံးစွဲခြင်းနှင့် တကိုယ်ရေသန့်ရှင်းမှုတို့အပြင် အသား၊ ငါးတို့ကို နူးနူးနပ်နပ်ကျက်အောင် ချက်ပြီးမှ စားသုံးခြင်းလည်း ပါဝင်ပါသည်။

အသား၊ ငါးတို့ကို နူးနပ်အောင် ချက်စားခြင်းဖြင့် ထိုအစာများမှ ရရှိနိုင်သော အဓိက အာဟာရဓာတ်ဖြစ်သည့် ပရိုတင်းများ ပျက်စီးလျော့နည်း မသွားပါ။ တနည်းပြန်ပြောရလျှင် အသား၊ ငါးတို့ကို အစိမ်း သို့မဟုတ်-မကျက်တကျက် စားခြင်းဖြင့် ထူးထူးခြားခြား အာဟာရတန်ဖိုး တက်မလာ ပါ။ ရောဂါရနိုင်သည့် အန္တရာယ်သာ ပို၍များပါသည်။
(ထို့အတူ ကြက်ဥအစိမ်းကို ဖောက်သောက်ခြင်းသည် ကြက်ဥကို ကြော်စားခြင်း၊ ပြုတ်စားခြင်းနှင့် အာဟာရ တန်ဖိုး မကွာခြားပါ။ ရောဂါရဖို့ အန္တရာယ်သာ ပိုများပါသည်။
အလားတူပင် နွားနို့ကို မကျိုဘဲ အစိမ်းသောက်ခြင်းသည် ကျက်အောင် ကျို၍သောက်ခြင်းနှင့် အာဟာရ တန်ဖိုး မကွာခြားပါ။ ရောဂါရဖို့ အန္တရာယ်သာ ပိုများပါသည်။)

မြန်မာလူမျိုးတို့၏ ဓလေ့အတိုင်း အသား၊ ငါးတို့ကို နူးနပ်အောင် ချက်ပြုတ်ပြီးမှစားခြင်း၊ ထမင်းဟင်းများကို ပူပူနွေးနွေး စားသုံးခြင်းတို့သည် ကျန်းမာရေးရှုထောင့်မှကြည့်လျှင် ကောင်းမွန်လှသဖြင့် ဆက်လက် ကျင့်သုံးသင့်ကြောင်း ပြောလိုပါသည်။ မြန်မာမိသားစုအများစု၏ မီးဖိုချောင်အခြေအနေ ပတ်ဝန်းကျင် အခြေအနေတို့နှင့်လည်း ကိုက်ညီသည့်စနစ်ဖြစ်ပါသည်။ အိမ်မှာ ရေခဲသေတ္တာလည်းရှိပါသည်။ လျှပ်စစ် ဓာတ်အားလည်း ၂၄-နာရီရပါသည်။ အသား ငါးများကိုလည်း စနစ်တကျ သိမ်းဆည်းထားသို တတ်ပါ သည်ဆိုစေကာမူ ရောဂါရနိုင်သည့် အန္တရာယ်သာ ပိုလာပြီး အာဟာရတန်ဖိုး ထူးထူးခြားခြားမြင့်မား မလာနိုင်သည့် စားသောက်နည်းများဖြစ်သော အသား၊ ငါး အစိမ်းစားခြင်း၊ မကျက်တကျက် စားခြင်းတို့ကို အားမပေးလိုပါကြောင်း တင်ပြအပ်ပါသည်။

ဒေါက်တာလှကြည်
(Lifestyle ၂၀၀၁-ခု ဖေဖော်ဝါရီလ)
Ref: Safe Food Handling by Michael Jacob, World Health Organization, Geneva.

No comments:

Post a Comment

Nattalin Township

သူရိယ အလင်း - လိုင်းပေါင်းစုံ

ရောင်တော်ဖွင့်လူငယ်အဖွဲ့ လှုပ်ရှားမှု(နတ်တလင်းမြို့)

HEART TO HEART

ဟိတကာရီ နာရေးကူညီမှုအသင်း

DoReMe

Pyithu Hluttaw - ပြည်သူ့လွှတ်တော်

ရဲဇာနည်

Eleven Media Group

Shwemyanmar media group

Health Articles

အိပ်ရေးပျက်တဲ့ညများ

နောက်တစ်ကြိမ် လာလည်ဖို့ ဖိတ်ခေါ်ပါတယ် ဆက်လက်ကြိုးစားပေးပါမယ် .... တာရာ ပွကြီး