Popular Posts

picture widgetspicture widgetspicture widgetspicture widgetspicture widgetspicture widgets

17.2.2011 နေ့တွင် ထုတ်ဝေသော ပြည်သူ့ခေတ်ဂျာနယ်တွင် ဆောင်းပါးရှင် စောအိမ်သူ ရေးသားထားမှုအား ထည့်သွင်းဖော်ပြထားခြင်းဖြစ်ပါသည်-
    မျိုးစေ့ဝယ်ယူမည့် လယ်သမားများအနေနှင့် ၀ယ်ယူမည့်မျိုးစပါးများကို မျိုးပေါက်နှုန်းသန့်စင်မှု နှုန်းနှင့် အခြားမျိုးစပါးများ ပါဝင်မှုနှုန်းတို့ကို စစ်ဆေးပြီးမှ ၀ယ်ယူသင့်ကြောင်း မြန်မာ့စိုက်ပျိုးရေးလုပ်ငန်းမှတာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်၊
    ပညာပေးဝန်ထမ်းတွေက ပြောထားပြီးပါပြီ၊ မျိုးပေါက်ရာခိုင်နှုန်းဘယ်လောက်ရှိတယ်ဆိုတာကို လာရောင်းတဲ့လူပြောတိုင်းမယုံပါနဲ့ ကိုယ်တိုင်မျိုးပေါက်နှုန်းကို စစ်ဆေးပြီးမှ ၀ယ်ယူသင့်တယ်၊ ဒါကြောင့်လည်း မျိုးစေ့ဥပဒေ ထုတ်ပြန်ပြီးနည်းဥပဒေတွေ ရေးဆွဲနေတာပါ၊ အဲဒီမှာမျိုးစေ့တစ်ခုထုတ်ရင် ကိုယ်ကျိုးမကြည့်ရဘူး၊ တိုင်းပြည်အကျိုးကိုကြည့်ရမယ်၊ လယ်သမားတွေကိုကာကွယ်ဖို့ မျိုးစေ့ဥပဒေကိုထုတ်တာပါ၊ လို့မြန်မာ့စိုက်ပျိုးရေးလုပ်ငန်းမှ ၀န်ထမ်းတစ်ဦးက ပြောပြခဲ့သည်၊
   လယ်သမားများအနေဖြင့် လာရောက်ရောင်းချသော စိုက်စပါးမျိုးစေ့ကို အပင်ပေါက်တဲ့ ရာခိုင်နှုန်းမည်မျှရှိသလဲဆိုသည်ကို အစေ့တစ်ရာကို ယူပြီးနောက် ပန်းကန်ပြားမှာ မှိုင်းခံစက္ကူသို့မဟုတ် အ၀တ်စကို ရေဆွတ်ပြီးချကာ ထိုအပေါ်တွင် မျိုးစေ့များအား တင်ထားသည့် နည်းဖြင့် စမ်းသပ်နိုင်သည်၊ ထိုနောက် သုံးလေးရက်အကြာတွင် အညှောင့်လေးများ ထွက်လာသည့်အခါ အစေ့တစ်ရာလုံးထွက်လျှင် တစ်ရာရာခိုင်နှုန်းမျိုးအောင်သည်ဟု သိနိုင်ကြောင်း သိရသည်၊
    ဒီတိုင်းပြည်ကလယ်သမားတွေကို မှီခိုနေရတာပါ၊ 70 ရာခိုင်နှုန်းရှိတဲ့တောင်သူကို အသိပညာပေးဖို့ရယ် သူတို့လိုက်နာဖို့ရယ် လိုပါတယ်၊ အထူးသဖြင့် မျိုးစေ့ကစပြီး စပါးကို ကွဲဖိုလိုပါတယ်၊ ဒီလယ်ထဲကပဲသင့်တော်တယ်ထင်တဲ့ စပါးလေးကို ခြောက်အောင်လှမ်းပြီးစည်ထဲပုဒ်ထဲထည့်လိုက်တယ်၊ အမှန်က ဒါဟာမျိုးစေ့မဟုတ်ဘူး၊ စပါးဘဲလို့ လပွတ္တာမှ ဆန်စက်လုပ်ငန်းရှင်တစ်ဦးက ပြောပြသည်၊ မျိုးစေ့ဥပဒေကို 1/2011 ဖြင့် ထုတ်ပြန်ခဲ့ပြီး ယခုအခါနည်းဥပဒေများထပ်မံထုတ်ပြန်နိုင်ရေးအတွက် စိုက်ပျိုးရေးပညာရှင်များနှင့် ဥပဒေကျွမ်းကျင်သူများပူးပေါင်းကာ ထုတ်ပြန်ရန် ရေးဆွဲနေကြောင်း သိရှိရသည်။
မယ်လိုဒီကောင်မလေး

ကမ္ဘာ့စားနပ်ရိက္ခာမလုံလောက်မှု


ကမ္ဘာ့စားနပ်ရိက္ခာမလုံလောက်မှု နှင့်ပတ်သက်၍ ဆောင်းပါးရှင် Lester R Brown ၏ဆောင်းပါးအား 23.5.2011 နေ့ထုတ် နိုင်ငံတကာသတင်းဂျာနယ်တွင်  ပြည်စိုး၏ ရေးသားဖော်ပြထားမှုအား ကောက်နုတ်ထည့်သွင်းဖော်ပြထားခြင်းဖြစ်ပါသည်-
    စားနပ်ရိက္ခာကို တောင်းဆိုနေသော (Demand) ဘက်ကိုကြည့်ပါက အချက်သုံးချက်ကိုတွေ့နိုင်သည်ဟု ဆိုသည်၊ ပထမလူဦးရေတိုးတက်လာမှု(Population growth)ဖြစ်သည်၊ နေ့စဉ် ထမင်းစားဝိုင်းများတွင် လူဦးရေ 219000 ခန့်တိုးနေသည်ဟု ဆိုသည်၊ အချို့မှာ စားစရာပန်းကန်ရှိသော်လည်း ထမင်းနှင့်ဟင်းဗလာဖြစ်နေသည်၊ ဒုတိယအချက်မှာ ကြွယ်ဝချမ်းသာမှု (Affluence) တိုးပွားလာခြင်းဖြစ်၏၊ သုံးဘီလီယံမျှသော လူများသည် ပိုမိုစားသောက်နိုင်စွမ်းရှိကြသည်၊ အသား၊ နို့နှင့် ကြက်ဥများ၊ ဖြစ်သည်၊ အားလုံးမှာ ကောက်ပဲသီးနှံနှင့် ဆက်စပ်နေသော စားသောက်စရာများဖြစ်ကြသည်၊ ကောက်ပဲသီးနှံပမာဏ အမြောက်အမြားကို မော်တော်ကားများတွင် လောင်စာဆီအဖြစ် လွှဲပြောင်းအသုံးပြုရန် လုပ်ဆောင်နေသည့် ကိစ္စသည် တတိယအချက်ဖြစ်သည်၊
    အမေရိကန်နိုင်ငံတွင် သီးနှံတန်ပေါင်း 400 ခန့်သည် အီသနောလ် (Ethanol) စက်ရုံများဆီသို့ ရောက်ရှိနေသည် ဟု ၄င်းကဆိုသည်။
    9.5.2011 နေ့တွင်ထုတ်ဝေသော နိုင်ငံတကာသတင်းဂျာနယ်တွင် ဆောင်းပါးရှင် ကိုတင်ဇော်မင်း ၏ သတင်းဆောင်းပါးအား ထည့်သွင်းဖော်ပြထားခြင်းဖြစ်ပါသည်-
အစားအစာ ငတ်မွတ်နေသော နိုင်ငံတွင် ကောက်ပဲသီးနှံတစ်စေ့ မျှပင် အလေအလွင့်ဖြစ်ပေါ်စေခြင်းသည် ရာဇ၀တ်မှု ဖြစ်သည်ဟု ဗဟိုတရားရုံးချုပ်ကပင် ပြောခဲ့သည်၊ အစားအသောက် ငတ်မွတ်သည့်နိုင်ငံများကိုစိစစ်သည့် International food Policy Research Institute ၏Global Hunger Index သတ်မှတ်ချက်အရ 84 နိုင်ငံအနက် အိန္ဒိယနိုင်ငံသည် 67 အဆင့်တွင် ရှိပြီး ရ၀မ်ဒါ၊ ဇင်ဘာဘွေ၊ ပါကစ္စတန်တို့အောက်တွင် ရှိနေသည်ဟု ဆိုသည်၊ အိန္ဒိယနိုင်ငံအနေဖြင့် ဆိုခဲ့ပြီးသော အလေအလွင့် အားလုံးကို ရာနှုန်းပြည့် ထိန်းသိမ်းနိုင်သည့်တိုင် နိုင်ငံသူ၊ နိုင်ငံသားများအား ၀၀လင်လင်ကျွေးမွေးနိုင်ရန် နောက်ထပ်သီးနှံ တန်ပေါင်းသန်း 60 ခန့်လိုအပ်မည်ဟုဆိုသည်။
မယ်လိုဒီကောင်မလေး

အော်ဂင်းနစ်နည်းပညာသုံး စပါးစိုက်ခင်းများ တိုးချဲ့သွားရန်


13.1.2011 ရက်နေ့ ပြည်သူ့ခေတ် ဂျာနယ်တွင် မိုးတိမ်၏ ဖော်ပြထားမှုအား ထည့်သွင်းဖော်ပြထားခြင်းဖြစ်ပါသည်-
ဘိုကလေးမြို့နယ်အတွင်းရှိ ဘုရားသုံးဆူကျေးရွာအုပ်စု၊ သရက်ပင်ကျေးရွာတွင် အော်ဂင်းနစ်နည်းသုံးပြီး စပါးစမ်းသပ်စိုက်ပျိုးမှုများ စတင်နေပြီ ဖြစ်ရာ နောက်ထပ်အလုံးအရင်းနဲ့ တိုးချဲ့သွားရန် စီစဉ်ထားကြောင်း သရက်ပင်ကျေးရွာမှ ကိုအောင်သူရကပြောသည်၊ "ကျွန်တော်တို့ သရက်ပင်ကျေးရွာကလူငယ် 24 ယောက်စုပြီး ဒီအော်ဂင်းနစ်စိုက်ခင်းလေးကို ဒီဇင်ဘာ 1 ရက်နေ့ကမှ စတင်ခဲ့တာပါ၊ ကုန်ကျစရိတ်ကိုလည်း ကျွန်တော်တို့အဖွဲ့ထဲက လူငယ်တွေ တစ်ပတ်ကို 500 လောက်စုပြီး လုပ်ကြတာပါ။ မြေကွက်ကိုကျတော့ကျွန်တော်တို့အဖွဲ့ခေါင်းဆောင် ဦးစန်းလွင်ကထောက်ပံ့ပေးတယ်၊ အလကားသဘောမျိုးပေါ့၊ စပါးပင်လေးတွေကို စပျိုးကတည်းက သဘာဝနည်းဖြစ်တဲ့နွားချေးတို့၊ မြေဆွေးတို့၊ စပါးခွံတို့သုံးပြီးလုပ်ခဲ့တာ၊ အကုန်အကျလည်းအရမ်းသက်သာတယ်၊ မြေဆီလွာလည်းမပျက်ဆီးတော့ဘူး၊ ကျွန်တော်တို့ဘက်မှာက ဓာတုဓာတ်မြေသြဇာတွေ၊ ပိုးသတ်ဆေးတွေတအားသုံးလို့ လယ်တွေကပျက်နေတာကြာပြီ၊ ဥပမာ-ဒီနှစ်ဓာတ်မြေသြဇာ(၂)အိတ်ပက်ရမယ်ဆို နောက်နှစ်(၃)အိတ်လောက်တိုးသုံးနိုင်မှ အထွက်နှုန်းကတော်ရာကျမယ်၊လယ်သမားတွေက အထွက်နှုန်းနောက်လိုက်နေကြတာ၊ ဒီအတွက် ဆေးတွေအလွန်အကျွံသုံးကြရတယ်၊ ဒီမှာက ပုလဲဆိုတဲ့ ယူရီးယား ဓာတ်မြေသြဇာကို အရမ်းသုံးစွဲကြတာ၊ တစ်ဧကကို ၃ အိတ်လောက်သုံးရတယ်၊ တစ်အိတ်(ကီလိုဂရမ် ၅၀ ပါ)ကိုလည်းဈေးနှုန်းက ၂သောင်းခွဲလောက်ထိရှိတယ်၊ ပိုးသတ်ဆေးဖိုးနဲ့ စပါး ထွက်တာနဲ့ဆိုမကာမိတာတောင်ရှိတယ်၊ ၀မ်းစာတောင်မနည်းရအောင်လုပ်နေရတာ ဟု ကိုအောင်သူရကဆိုသည်၊ ကျွန်တော်တို့အနေနဲ့ ဒီနည်းလေးကို ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းလောက်က ရန်ကုန်မြို့မှာ လုပ်တဲ့မြေဆီလွှာပြပွဲမှာ ဒီအကြောင်းလေးကိုသိခဲ့ရတာပါ၊ အဲပြပွဲမှာ အော်ဂင်းနစ်နည်းပညာ အကြောင်းကိုပညာရှင်တစ်ယောက်ကမျှဝေပေးခဲ့တာ၊ နောက်စိုက်ပျိုးရေးသင်တန်းတွေလည်း တက်တာပါတယ်၊ ဓာတုစိုက်ခင်းတွေက လူတွေကို ဥပဒ်ဖြစ်စေတယ်၊ နောက် ဓာတု အစားအစာတွေကလူတွေ ရောဂါရစေတယ် ဆိုတာလေးတွေ သိလာခဲ့တယ်၊ ဒီအော်ဂင်းနစ်နည်းကျတော့ မိရိုးဖလာနည်း သုံးတာဖြစ်လို့ အန္တရာယ်တွေမရှိဘူး၊ ဒါကြောင့် ကျွန်တော်တို့ ဒီအော်ဂင်းနစ်နည်းသုံးပြီး စိုက်ခင်းတွေ တိုးချဲ့သွားဖို့စီစဉ်နေပါတယ်၊ အောင်မြင်မယ် ဆိုတာလည်း ယုံကြည်တယ် ဒီနည်းအသုံးပြုခြင်းဟာ သဘာဝနည်းကို အသုံးပြုတာဖြစ်လို့လည်း လယ်မြေတွေရဲ့ မြေဆီလွှာပျက်စီးနေမှုကို ကာကွယ်ပေးရာ ရောက်တဲ့အပြင် အကုန် အကျလည်း အရမ်းသက်သာစေတယ်ဆိုတာ အားလုံးသိအောင် ကျွန်တော်တို့ လုပ်ဆောင်သွားမှာပါ၊ ဟု သူကဆက်လက်ပြောသည်၊ ယခုဆိုလျှင်ရာသီပင်များဖြစ်သည့် မုန်လာ၊ ကန်စွန်း၊ ချဉ်ပေါင်အပြင် ဒေသခံဘုရားပန်းတို့ကိုလည်း အော်ဂင်းနစ်နည်းဖြင့် စိုက်ပျိုးထားရာ အောင်မြင်နေကြောင်း ကိုအောင်သူရက ဆက်လက်ပြောသည်၊
မယ်လိုဒီကောင်မလေး

ဓာတ်မြေသြဇာ အတုလျော့နည်းအောင်ပြုလုပ်သွားမည်ဟုဆို


ပြည်သူ့ခေတ်ဂျာနယ်မှ ကိုပိုင်စိုးဦး ၏ရေးသားတင်ပြထားမှုအား ထည့်သွင်းပေးထားခြင်းဖြစ်ပါသည်-
    လတ်တလော လယ်သမားများတွင် ဖြစ်နေသည့်ပြဿနာများကို စစ်ဆေးပြီး လျော့နည်းအောင် ပြုလုပ်သွားမည် ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီး တိုင်းစိုက်ပျိုးရေး မန်နေဂျာ ဦးအေးကိုကိုကပြောသည်၊ "ပထမအနေနဲ့ ဓာတ်မြေသြဇာအတုရောင်းတာလား အစစ်ရောင်းတာလားကို ဓာတ်မြေသြဇာ စစ်ဆေးရေးကော်မတီက ရောင်းတဲ့ဆိုင်တွေကို လိုက်ပြီးစစ်မယ်၊ နောက်ပြီး လယ်သမားတွေကို ဓာတ်မြေသြဇာအတုနဲ့ပတ်သက်ပြီးပညာပေးမှုတွေ ပြုလုပ်သွားမယ်"ဟု ဦးအေးကိုကိုကရှင်းပြသည်၊
    ဓာတ်မြေသြဇာရောင်းချသည့်ဆိုင်များ မှတ်ပုံတင်ထာဒခြင်းရှိမရှိ ကိုလိုအပ်သလို စစ်ဆေးသွားမည် ဖြစ်ပြီး ရောင်းချသည့် ဓာတ်မြေသြဇာများလည်း မှတ်ပုံတင်ထားခြင်းရှိ/မရှိ ကိုပါ စစ်ဆေးသွားမည်ဖြစ်ကြောင်း၊ ယင်းသို့ စစ်ဆေးခြင်းအပြင် ဓာတ်မြေသြဇာများတွင် ဖော်ပြထားသည့် ဓာတ်မြေသြဇာ အဟာရ အချိုးအဆများ မှန်မှန်ကန်ကန် သုံးစွဲထားခြင်းရှိ/မရှိ ကို ဓာတ်မြေသြဇာ ရောင်းချသည့် ဆိုင်များမှ နမူနာများ ယူကာ စိုက်ပျိုးရေးဌာနရှိ ဓာတ်ခွဲခန်းတွင် စစ်ဆေးခြင်းများလည်း ပြုလုပ်မည်ဖြစ်ကြောင်း ဦးအေးကိုကိုကဆိုသည်၊ 
    "စစ်ဆေးလို့ မှတ်ပုံတင်ထားတာမရှိတဲ့ ဓာတ်မြေသြဇာ ရောင်းတာတွေ့ရင် ပထမအနေနဲ့ ပညာပေးမယ်၊ ဒုတိယ အနေနဲ့ပညာပေးမယ်၊ တတိယအကြိမ် ဆိုရင်တော့ လိုင်စင်သိမ်းသည်အထိ အရေးယူပါမယ်"ဟု ဦးအေးကိုကိုက ရှင်းပြသည်၊
    ဓာတ်မြေသြဇာရောင်းချခွင့်လိုင်စင်များကို 2010 ခုနှစ်မှစတင်ချထားပေးလျှက်ရှိရာ မှတ်ပုံတင်ထားသည့် မည်သည့် ဓာတ်မြေသြဇာမဆို ရောင်းချနိုင်ပြီး လိုင်စင် သက်တမ်းမှာ နှစ်နှစ်ခန့်ရှိကြောင်း၊ ဓာတ်မြေသြဇာ ရောင်းချခွင့် လိုင်စင်မှာ တစ်ဆိုင်လျှင် ကျပ် 5 သောင်းခန့် ရှိကြောင်း ဦးအေးကိုကိုက ပြောသည်၊ ဓာတ်မြေသြဇာ အတုဆိုသည်မှာ တရားဝင် မှတ်ပုံတင်ထားခြင်း မရှိသည့် ဓာတ်မြေသြဇာများကို ဆိုလိုပြီး တောင်သူများအနေဖြင့် တရားဝင် မှတ်ပုံတင်ထားသည့် ဓာတ်မြေသြဇာများသာ ၀ယ်သုံးသင့်ကြောင်း၊ တချို့အမျိုးအစားမှာ ဓာတ်မြေသြဇာအိတ်တွင် ဖော်ပြထားသည့် အဟာရပမာဏကို လျော့နည်းအောင် ပြန်လည်ပြုပြင်ပြုလုပ်ထားသည်ကိုတွေ့ရကြောင်း ဦးအေးကိုကိုကဆိုသည်၊ 
    "ဒီနှစ် ဒီလောက်ကောင်းတဲ့ဟာက နောင်နှစ်လည်းကျရော အရည်အသွေးကလျော့သွားတယ် ဒါနဲ့ပြန်နောက်ထပ်အသစ်ကို ပြန်သုံးကြတယ်၊ အဲတော့ သူရဲ့အရည်အသွေးက မမှန်တော့လို့စပါးမှာ သွားပြီးထိခိုက်တာ" ဟုသနပ်ပင်မြို့နယ်ရှိတောင်သူတစ်ဦးကဆိုသည်၊ တောင်သာတို့ မြင်းခြံတို့ ဘက်ကထုတ်တဲ့ မြေသြဇာတစ်ခုဆိုရင် အိတ်ထဲမှာ မြေကြီးခဲတွေရောထည့်တာမျိုးတောင် လုပ်တယ်၊ တောင်သူတွေကလည်း အညိုရောင်တို့ အ၀ါရောင်တို့ ဆိုရင်ကောင်းတယ်ထင်တာ၊ နောက်ပြီး အဲဒါတွေကလည်း ဈေးပေါတယ်ဟု ဦးကိုကိုကြီးက ပြောသည်၊ 
    လယ်သမားများ အသုံးပြုနေကြသော နာမည်ကြီးဓာတ်မြေသြဇာများမှာ ပုလဲ၊ တီစူပါ၊ အစရှိသည်တို့ဖြစ်ပြီး တရုတ်၊ ထိုင်ဝမ်၊ ထိုင်းအစရှိသည့် နိုင်ငံများမှတင်သွင်း သည့်ဓာတ်မြေသြဇာများလည်းရှိသေးကြောင်း တောင်သူများကဆိုသည်၊ မြန်မာနိုင်ငံစိုက်ပျိုးရေးကဏ္ဍတွင် ပြည်တွင်း ထုတ်လုပ်မှုမလုံလောက်သည့် အတွက် တရုတ်၊ အိန္ဒိယ၊ ထိုင်းတို့မှ မှာယူတင်သွင်းနေရပြီး ယင်း အခြေအနေအောက်တွင် ဓာတ်မြေသြဇာအတုများ၊ အရည်အသွေးမပြည့်မီသည့် ဓာတ်မြေသြဇာများ တဖြည်းဖြည်းများပြားလာနေကြောင်း သိရသည်၊
မယ်လိုဒီကောင်မလေး

ပိုးသတ်ဆေးကြွင်းကြောင့် ရောဂါတွေတိုးလာ
ပိုးသတ်ဆေးကြွင်းကြောင့် ရောဂါတွေ တိုးလာ..
““ ပိုးသတ်ဆေးကြွင်းတွေကြောင့် ဆီးချို၊ ကင်ဆာ၊ စိတ်ကျရောဂါတွေ အဖြစ်များလာတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ပတ်ဝန်းကျင်ဆိုင်ရာ စီမံရေးထုတ်ပြန်ချက်အရ ရန်ကုန်ပြည်သူ့ ဆေးရုံကြီးမှ ပါမောက္ခ ဒေါက်တာဦးချစ်စိုးက ပြောကြောင်း၊ ပိုးသတ်ဆေးကြွင်းကြောင့် အော့အန်တာ၊ထုံကျင်တာအပြင် သွေးကင်ဆာရောဂါ၊ သွေးအားနည်းတာနဲ့ကလေးပျက်ကျတာ၊ ကလေးမွေးရင် ခန`ဓာချို့ယွင်းချက်တွေပါလာတာတွေ ဖြစ်တယ်၊ စိတ်ဓာတ်ကျတယ်၊ စိတ်ခံစားမှု လွယ်တယ်လို့ အဲဒီဆရာဝန်ကြီးကပဲပြောဆိုကြောင်း”” 20.8.10 ရက်နေ့ထုတ် Weekly ဂျာနယ်မှာ ဖော်ပြထားပါတယ်...
ပိုးသတ်ဆေးကြွင်းတည်ရှိမှု
    ပိုးသတ်ဆေးကြွင်းတွေကို လတ်ဆတ်တဲ့ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်၊ စည်သွတ်ထားတဲ့ အသီးအနှံ၊ အသားငါးနဲ့ပိုးသတ်ဆေးဖျန်းထားတဲ့ ကောက်ပဲသီးနှံတွေကို ထုတ်ထားတဲ့ ဖျော်ရည်၊ အရက်တွေမှာလည်း တွေ့ရတယ်၊ အမေရိကန်ပြည်ထောင်စုရဲ့ သုတေသနမှတ်တမ်းတွေအရ အဲသည်နိုင်ငံမှာ သက်ကြီး(၈၀)ရာခိုင်နှုန်းနဲ့ ကလေး(၉၀)ရာခိုင်နှုန်းမှာ ခန`ဓာကိုယ်ထဲ ပိုးသတ်ဆေးကြွင်းတွေ ရှိနေတယ်လို့ ဆိုပါတယ်၊ အခြားနိုင်ငံတွေမှာ စိုက်ခင်းတွေကို ပိုးသတ်ဆေးဖျန်းရင် လေယာဉ်တွေနဲ့ ဖျန်းတယ်၊ အဲဒီလိုဖျန်းတော့ ပိုးသတ်ဆေးတွေက လေထဲကနေ တစ်ဆင့် အခြားနေရာနဲ့ လူနေအိမ်တွေပေါ်ရောက်ကုန်တယ်၊ စိုက်ခင်းပေါ်ရောက်တာက (၁၀)ရာခိုင်နှုန်းလောက်ပဲရှိတာ အခြားနေရာတွေကို(၉၀)ရာခိုင်နှုန်းလောက်ရောက်ကုန်းတယ်....
ပိုးသတ်ဆေးမိုး
    ပိုးသတ်ဆေးကို စိုက်ခင်းတွေမှာ သုံးတဲ့အခါ မြေကြီးပေါ်ရောက်သွားပြီး အဲသည်ကနေတဆင့် ရေမြောင်း၊ မြစ်ချောင်းတွေထဲ စီးဝင်ကုန်တယ်၊ နေပူရှိန်ကြောင့် မြစ်ချောင်းတွေက အငွေ့ပြန်တဲ့အခါ ပိုးသတ်ဆေးတချို့ပါသွားတယ်၊ အဲသည်ကနေ မိုးပြန်ရွာတော့ ပိုးသတ်ဆေးမိုးအဖြစ်ပြန်ရွာတာမျိုးဖြစ်တယ်လို့ ဒေါက်တာဦးချစ်စိုးက ပြောပါတယ်...အဲဒီလိုအဖြစ်မျိုး အမေရိကားကရွာတစ်ရွာမှာ ဖြစ်ခဲ့ဖူးတယ်၊ မိုးရွာတဲ့အခါမှာလည်း ပိုးသတ်ဆေးပါတယ်၊ အဲဒီရွာမှာ နောက်တော့တရွာလုံးသွေးအားနည်းပြီး ရောဂါဖြစ်လာတယ်...နောက်ဆုံးစစ်ဆေးတော့ ပိုးသတ်ဆေးကြောင့် ဖြစ်မှန်းသိသွားတော့ တစ်ကမ္ဘာလုံးကြောက်သွားတယ်လို့ ဖြစ်ရပ်မှန်တစ်ခုနဲ့ ယှဉ်ပြီး ပြောပြတယ်..မြန်မာနိုင်ငံမှာမိုးစပါးစိုက်ဧက(၁၇)သန်း၊ နွေစပါးစိုက်ဧက(၃)သန်းခန့်စိုက်ပျိုးခဲ့တယ်၊ အဲဒီစပါးစိုက်ဧကသန်း(၂၀)မှာ စပါးတင်းသန်းပေါင်း(၁၅၆၀)ထွက်ရှိတယ်လို့ သိရတယ်...အခုဆို...ဓာတုဓာတ်မြေသြဇာနဲ့ ပိုးသတ်ဆေးအစားထိုး သုံးစွဲမှုကို လျှော့ချပြီး သဘာဝအော်ဂင်းနစ်မြေသြဇာနဲ့ ပိုးသတ်ဆေးအစားထိုးသုံးစွဲရေးစီမံချက် တွေကို ဆောင်ရွက်ဖို့ စိုက်ပျိုးရေး ကုမ္ပဏီတချို့နဲ့ စိုက်ပျိုးရေးတောင်သူတချို့ ကြိုးပမ်းနေတာ တွေ့လာရကြောင်း ပြောပါတယ်....
ပိုးသတ်ဆေးဝင်ရောက်နိုင်တဲ့အခြေအနေ
    ပိုးသတ်ဆေးကြွင်းတွေကို ခန`ဓာကိုယ်ထဲကို ၀င်ရောက်နိုင်တဲ့ အခြေအနေထဲမှာ လတ်ဆတ်တဲ့ အသီးအနှံစားရာကတဆင့် အူလမ်းကြောင်း၊ အစာအိမ်နဲ့ သွေးထဲကိုပျော်ဝင်နိုင်တယ်..ပိုးသတ်ဆေးကြွင်းပါတဲ့ လေကိုရှုမိပြီး လေပြွန်ကနေ အဆုတ်ထဲကို ၀င်နိုင်တယ်..ပိုးသတ်ဆေးကို ခန`ဓာကိုယ်အရေပြားနဲ့ တိုက်ရိုက်ထိနေတဲ့ နေရာတွေကနေ ခန`ဓာကိုယ်တွင်း ၀င်နိုင်ပါတယ်..ဒီမှာက ပိုးသတ်ဆေးဖျန်းရင် ပိုးသတ်ဆေးဘူးကို ပုခုံးပေါ်ထမ်းပြီးဖျန်းတာဆိုတော့ အဲဒီအရေပြားကနေ၀င်နိုင်တယ်...ပိုးသတ်ဆေးဖျန်းရင် နားခေါင်းစည်းပိတ်ရမယ်၊ ပိုးသတ်ဆေးဖျော်ရင် လက်နဲ့ဖျော်တဲ့အခါမှာ ပိုးသတ်ဆေးတွေ ၀င်နိုင်တယ်လို့ဆိုပါတယ်၊ ပိုးသတ်ဆေးအသုံးပြုတဲ့အခါမှာဖြစ်ဖြစ်၊ ပိုးသတ်ဆေးပက်ဖျန်းတဲ့အခါမှာဖြစ်ဖြစ်၊ မျက်စိ၊ နားခေါင်း၊ အရေပြားကို ပိုးသတ်ဆေးမ၀င်အောင်အကာအကွယ်အသုံးပြုဖို့လိုတယ်၊ စိုက်ခင်းမှာ အသုံးပြုတဲ့အခါသတ်မှတ်ထားတဲ့ နည်းအတိုင်းပဲ ပိုးသတ်ဆေးသုံးစွဲသင့်တယ်လို့ပြောတယ်...
ပိုးသတ်ဆေးသုံးစွဲခဲ့တာ...
    ပိုးသတ်ဆေးသုံးစွဲခဲ့တာ ကမ္ဘာမှာ လွန်ခဲ့တဲ့ ဘီစီ 2000 ကတည်းကသုံးစွဲခဲ့တာတွေ့ရတယ်..မစ်ဆိုပိုတေးနီးရားလို့ခေါ်တဲ့ ဆာလဖာကို ပိုးသတ်ဆေးအနေနဲ့ အသုံးပြုခဲ့တာလို့ ဖော်ပြထားပါတယ်....ပိုးသတ်ဆေးတစ်ခါဖျန်းထားတဲ့မြေကြီးထဲမှာ ပျမ်းမျှအားဖြင့် (၁၅)နှစ်လောက်ပိုးသတ်ဆေးအကြွင်းအကျန်တွေ ရှိနိုင်တယ်လို့ ဒေါက်တာဦးချစ်စိုးက WHO ထုတ်ပြန်ချက်ကို ကိုးကားဖော်ပြတယ်..
ပိုးသတ်ဆေးအန္တရာယ်..
    တစ်ကမ္ဘာလုံးမှာ ခန့်မှန်းကြည့်ရင်တစ်နှစ်ကို ပိုးသတ်ဆေးအကြွင်းအကျန်အန္တရယ်ကြောင့် လူပေါင်း ၁၈၀၀၀ လောက်သေဆုံးနေပြီး လူပေါင်းသုံးသန်းလောက်ပိုးသတ်ဆေးအကြွင်းအကျန်ကြောင့်ဖြစ်တဲ့ ဝေဒနာတွေ ခံစားနေရတယ်လို့ ဆိုတယ်...ဒေါက်တာဦးချစ်စိုးက မြောက်အမေရိကနဲ့ ဥရောပမှာ ဆိုရင် ပိုးသတ်ဆေးသုံးစွဲခွင့်မပြုတာ အနှစ်(၂၀)လောက်ရှိပြီ ဒါတောင် အခုထိ နို့၊ ဒိန်ခဲ၊ အမဲသားတွေမှာ စစ်ကြည့်ရင် ပိုးသတ်ဆေးကြွင်းကျန်းပါတာ တွေ့နေရကြောင်းနဲ့ ပိုးသတ်ဆေးအန္တရာယ်က မသေးတဲ့အတွက် သတိထားသုံးသင့်ကြောင်းလည်း ရှင်းပြထားပါတယ်...
အဆင်ပြေပါစေ...
မယ်လိုဒီကောင်မလေး

ဓာတ်မြေသြဇာစစ်ဆေးရေးကော်မတီ ဖွဲ့စည်းမည်


7 DAY NEWS JOURNAL မှ 19.5.2011 တွင် ထုတ်ဝေသော အကြောင်းအရာ အားထည့်သွင်းမှတ်သားပေးခြင်းဖြစ်ပါသည်-
ဈေးကွက်အတွင်း ရောင်းချနေသော ဓာတ်မြေသြဇာများ၏ အရည်အသွေးနှင့် မှတ်ပုံတင်ခြင်းရှိ/မရှိ စစ်ဆေးရန် ဓာတ်မြေသြဇာ စစ်ဆေးရေးကော်မတီတစ်ရပ်ဖွဲ့စည်းပြီး စစ်ဆေးသွားတော့မည်ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီး တိုင်းစိုက်ပျိုးရေးမန်နေဂျာ ဦးအေးကိုကိုက ပြောကြားသည်။
    ဈေးကွက်အတွင်း ရောင်းချနေသော ဓာတ်မြေသြဇာအချို့သည် အိတ်တွင် ရိုက်နှိပ်ထားသော အဟာရပမာဏ အတိအကျပါဝင်မှုမရှိခြင်းကြောင့် သုံးစွဲသူ တောင်သူလယ်သမားများ  အကျိုးမရှိဖြစ်နေရသည်ဟု ဆိုသည်။
ထိုဓာတ်မြေသြဇာများမှာ ဈေးနှုန်းသက်သာသည့်အတွက် လယ်သမားများကလည်း ၀ယ်ယူသုံးစွဲနေကြသည်၊ နိုင်ငံတော်က အထွက်တိုးရန် ကြိုးစားနေချိန်တွင် ယင်းကဲ့သို့ အရည်အသွေးမမှီ ဓာတ်မြေသြဇာများကြောင့် တောင်သူများသာမက တိုင်းပြည်အတွက်လည်းနစ်နာရကြောင်း အထက်ပါပုပ်ကိုလ်ကဆိုသည် ထိုကြောင့် အထက်ပါကော်မတီ ဖွဲ့ပြီးပါက တိုင်းဒေသကြီးနှင့် ပြည်နယ်တစ်ခုချင်းစီအလိုက် သွားရောက်စစ်ဆေးမည်ဟုဆိုသည်။
      "သုံးစွဲသူအပေါ်မှာလည်းမူတည်သည် သုံးစွဲသူက ဈေးသက်သာတာကို အဓိကမကြည့်ဘဲ အရည်အသွေးပြည့်မှတ်ပုံတင်ထားတာတွေကိုဘဲ သုံးသင့်တယ်ဟု အဆိုပါတိုင်းမန်နေဂျာက ဆိုသည်၊ တရားဝင် တင်သွင်းလာသော ဓာတ်မြေသြဇာ များကို ပုပ်ကလိကသို့ 2010 မှစတင်ပြီး တရားဝင်တင်သွင်းရောင်းချခွင့်ပြုခဲ့သည်၊ လိုင်စင်တစ်စောင်လျှင် သက်တမ်း 2 နှစ် သတ်မှတ်ပြီး လိုင်စင်ကြေးမှာ ကျပ်ငါးသောင်းဖြစ်ကြောင်းကိုလည်း သတင်းရရှိသည်၊ ဓာတ်မြေသြဇာ ထုတ်လုပ်ခွင့် မှတ်ပုံတင်ရရှိထားသော လုပ်ငန်း 216 ခုရှိပြီး တင်သွင်းခွင့် ရရှိသူ 426 ဦး ရှိသည်၊ ထိုအတူ ဓာတ်မြေသြဇာ တင်ပို့ခွင့်ရရှိထားသူ 2 ဦး ရှိသည်၊ ထိုကြောင့် ဓာတ်မြေသြဇာအတွက် မှတ်ပုံတင်ထုတ်ပေးထားမှုမှာ 644 ခုရှိသည်ဟု ဆိုသည်၊ ဓာတ်မြေသြဇာအတုများ၊ အရည်အသွေးမမီဓာတ်မြေသြဇာများမှာ မှောင်ခိုတင်သွင်းသူများနှင့် တောင်သာ၊ မြင်းခြံဘက်မှ မြေကြီးလုံးပြီးရောင်းချနေသူများကြောင့် ဈေးကွက်ကြီးလာသည်ဟု ဆိုသည်၊ ဓာတ်မြေသြဇာအတုများကြောင့် အရည်အသွေးမှီဓာတ်မြေသြဇာများမှာလည်းရောင်းချရာတွင် အခက်အခဲရှိလာသည်၊ တောင်သူများမှလည်း ငွေကြေးအခက်အခဲ၊ ရာသီဥတုကြောင့် သီးနှံပျက်စီးမှု များလာခြင်းတို့ကြောင့် ဈေးသက်သာသော မြေသြဇာများကို အသုံးပြုရန် တွန်းအားဖြစ်စေကြောင်း သိရသည်။
မယ်လိုဒီကောင်မလေး

ကုမ္မဏီအသစ် ထူထောင်ခြင်းနှင့် သက်တမ်းတိုးခြင်းများ တစ်ကြိမ်တည်း တစ်နေရာတည်းနှင့် အပြီးဝန်ဆောင်မှုပေးပြီ


7 DAY NEWS JOURNALမှ 26.5.2011 တွင် ထုတ်ဝေသော ဂျာနယ်တွင် ပါလာသော အကြောင်းအရာဖြစ်ပါသည်-
ကုမ္မဏီအသစ် မှတ်ပုံတင်ခြင်းနှင့်သက်တမ်းတိုးခြင်းများကို အချက်အလက်ပြည့်စုံပါက တစ်ကြိမ်တည်းနှင့် အပြီးဆောင်ရွက်ပေးသည့်စနစ် (ONE Stop Service)ကို မေလ 18 ရက်မှစတင်ဝန်ဆောင်မှုပေးနေပြီဖြစ်ကြောင်း အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန ပြည်ထောင်စု ဒုတိယ၀န်ကြီး ဒေါက်တာကံဇော်ကပြောကြားသည်၊
"One Stop Service"ကို 18.5.2011 ကစလုပ်နေပြီဟု နေပြည်တော်တွင် မေလ 20 မှ 22 ရက်အထိ ကျင်းပခဲ့သော ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ကျရေးဆိုင်ရာ အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲတွင် ဒေါက်တာကံဇော်က မေ 21 ရက်တွင် ပြောကြားသည်။
ထိုဝန်ဆောင်မှုစတင်ချိန်မှ မေ 22 ရက်အထိ ကုမ်မဏီ 25 ခု ကိုကုမ်မဏီစတင်ဖွဲ့စည်းခြင်းနှင့် သက်တမ်းတိုးခြင်းအတွက် ထိုစနစ်ဖြင့် ၀န်ဆောင်မှုပေးခဲ့ပြီဖြစ်ကြောင်းအမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန ညွန်ကြားရေးမှူးချုပ် ဦးအေးကိုက မေ 22 ရက်တွင် ပြောကြားသည်။
ထိုကြောင့် ကုမ်ပဏီသစ်ဖွဲ့စည်းလိုသူများမှာ ကုမ်ပဏီအမည်တူမရှိဘဲ အခြားလိုအပ်သောအချက်အလက်များဖြစ်သည့် သင်းဖွဲ့စည်းမျဉ်းနှင့် သင်းဖွဲ့မှတ်တမ်းများ၊ ဒါရိုက်တာအမည်၊ မှတ်ပုံတင်၊ နေရပ်လိပ်စာ၊ အပြည့်အစုံစသော အချက်အလက်များပြည့်စုံပြီး မှန်ကန်ပါက တစ်ကြိမ်တည်း တစ်နေရာတည်းအပြီး နာရီပိုင်းအတွင်း ခြောက်လသက်တမ်းရှိ ယာယီကုမ်ပဏီလိုင်စင်ကို ဆောင်ရွက်ပေးနေပြီ ဖြစ်ကြောင်း ဦးအေးကိုက ဆက်လက်ရှင်းပြသည်။ ကုမ်ပဏီအသစ်ဖွဲ့စည်းခြင်းအတွက် မှတ်ပုံတင်ကြေးမှာ ပြောင်းလဲခြင်းမရှိဘဲ ကျပ် 10 သိန်း ကိုတပါတည်းပေးဆောင်ရန်လည်းလိုသည်၊ ထိုကာလအတွင်း ပြည်ထဲရေးဝန်ကြီးဌာနမှ ကုမ်ပဏီနောက်ခံသမိုင်းကို စစ်ဆေးပြီးပါက မူရင်းကတ်ကို ဆက်လက်ထုတ်ပေးမည်ဖြစ်သည်။
ယခင်က ကုမ်ပဏီ အသစ်မှတ်ပုံတင်ပါက ခြောက်လသက်တမ်းရှိ ယာယီလိုင်စင် ရရှိရန်ကိုပင် နှစ်လခန့် ကြာမြင့်ကြောင်း၊ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်တစ်ဦးကပြောသည်။
ထိုကြောင့် တကြိမ်တည်းတထိုင်တည်းနှင့် လိုင်စင်ထုတ်ပေးခြင်းမှာ ကုမ်ပဏီထူထောင်လိုသူများအတွက် အလွန်ကောင်းကြောင်းလည်း ဆက်လက်ပြောသည်၊ထိုအတူ လိုင်စင်သက်တမ်းတိုးခြင်းများကိုလည်းအဆိုပါဝန်ဆောင်မှုတွင် ပါဝင်ပြီး အချက်အလက်ပြည့်စုံကာ ကျပ်ငါးသိန်းပေးသွင်းပါက တစ်ကြိမ်တည်းတစ်နေရာတည်း ဆောင်ရွက်နိုင်သည်၊ အထက်ပါဝန်ဆောင်မှုများအတွက် ငွေပေးသွင်းခြင်းများကို နေပြည်တော်ရုံးအမှတ်-32 ရှိ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနရုံးမှာပင် ဆောင်ရွက်နိုင်ရန် စီစဉ်ပေးထားကြောင်း ဦးအေးကိုကဆက်လက်ပြောကြားသည်။
ကုမ်ပဏီ ထူထောင်မည့်သူမှာ နိုင်ငံခြားသားဖြစ်ပါက မှတ်ပုံတင်ကြေး အမေရိကန်ဒေါ်လာ2500 သတ်မှတ်ထားပြီး သက်တမ်းတိုးပါက ဒေါ်လာ 500 သတ်မှတ်ထားသည်၊ ၀န်ဆောင်မှုလုပ်ငန်းများလုပ်ကိုင်မည့် နိုင်ငံခြားကုမ်ပဏီ ဖြစ်ပါက ရင်းနှီးမတည်ငွေ အမေရိကန် ဒေါ်လာ 300000 ရှိရန် သတ်မှတ်ထားပြီး ကုန်ထုတ်လုပ်မှု ကုမ်ပဏီဖြစ်ပါက ရင်းနှီးမတည်ငွေ အမေရိကန် ဒေါ်လာ 500000 ရှိရန် သတ်မှတ်ထားသည်။
ယခင်က ကုမ်ပဏီအသစ်မှတ်ပုံတင်ခြင်းနှင့် သက်တမ်းတိုးခြင်းများဆောင်ရွက်ရာတွင် အချိန်ကြာခဲ့ခြင်းမှာ အချက်အလက်မပြည့်စုံခြင်း၊ အခွန်ငွေများမရှင်းလင်းခြင်း စသော အကြောင်းများကြောင့် ဖြစ်သည်ဟု ဦးအေးကိုကဆိုသည်၊ အဆိုပါဌာနတွင် မှတ်ပုံတင်ထားသော ကုမ်ပဏီပေါင်းနှစ်သောင်းကျော်ရှိသည်၊ ထိုထဲမှ အမှန်တကယ် အလုပ်လုပ်ကိုင်လိုသော ပို့ကုန်၊ သွင်းကုန်ကုမ်ပဏီပေါင်းသုံးထောင်ခန့်ရှိသည်။
ပြည်ပမှ လာရောက်ရင်းနှီးမြုပ်နှံလုပ်ကိုင်သော နိုင်ငံပေါင်း 30 ကျော်ရှိပြီး၊ ပြည်ပနိုင်ငံများမှ ရင်းနှီးမြုပ်နှံမှု ပမာဏစုစုပေါင်းမှာ အမေရိကန်ဒေါ်လာ 35 ဘီလီယံဝန်းကျင်ရှိသည်။
ကွမ်းနှင့်ပတ်သက်သော ဆွေးနွေးပွဲ ပြုလုပ်ခဲ့
19.5.2011 နေ့တွင် ထုတ်ဝေသော ပြည့်သူ့ခေတ်ဂျာနယ်တွင် မင်းကံလှ၏ ရေးသားမှုအား ထည်းသွင်းပေးခြင်း ဖြစ်ပါသည်-
    မေလ 14 ရက်နေ့က ရန်ကုန်မြို့မြေပဒေသာ စိုက်ပျိုးရေးနည်းပညာအားပေးရေးဌာနမာ ကွမ်း စိုက်ပျိုးရေးနှင့် ပတ်သက်သော ဆွေးနွေးပွဲတစ်ရပ် ပြုလုပ်ခဲ့ကြောင်း၊ အဆိုပါဆွေးနွေးပွဲတွင် မြန်မာ့စိုက်ပျိုးရေးမှ ဦးဝင်းသန်းမှ ကွမ်းစိုက်ပျိုးရေးဆိုင်ရာများကို ပြည့်ပြည့်စုံစုံဆွေးနွေးတင်ပြခဲ့သည့်အပြင် အချို့ကွမ်းကုန်သည်များအနေဖြင့် ကွမ်းကိုကြွပ်ပြီး နူးညံ့ကာ ဈေးကွက်ဝင်စေရန် ပိုးသတ်ဆေးတစ်မျိုးဖြစ်တဲ့ Furadan-3G နှင့် ဖျော်စပ်ထားသော ရေတွင်စိမ်ပြီးမှ ဈေးကွက်တင်ရောင်းချကြကြောင်း၊ ယခုလို ပြုလုပ်မှုကြောင့် ကွမ်းစားသူများ ရေရှည်အန္တရာယ်ဖြစ်စေနိုင်ကြောင်း၊ သတိပေးဆွေးနွေးခဲ့သည်၊ အဆိုပါ ဖျူဒရန် ပိုးသတ်ဆေးမှာ ရေနှင့်ရောစပ်ပြီး လူသောက်မိပါက အသက်သေဆုံးနိုင်သည်အထိ အန္တရာယ် ပေးနိုင်သော အပင်သုံးပိုးသတ်ဆေးတစ်မျိုးဖြစ်ကြောင်းလည်းရှင်းပြသည်၊ ဆွေးနွေးပွဲပြုလုပ်သည့် မြေပဒေသာ စိုက်ပျိုးရေးသုံးပစ္စည်းအရောင်းဆိုင်နှင့် နည်းပညာ အားပေးရေးဌာနကို 2004 ခုနှစ်က စတင်ဖွင့်လှစ်ခဲ့ပါသည်၊ လစဉ် ၀ယ်ယူသူ၊ လေ့လာသူ၊ စိုက်ပျိုးရေး ၀ါသနာရှင်များနှင့် ဌာန၀န်ထမ်းတွေ့ဆုံဆွေးနွေးမှုများ ရှိခဲ့ပါသည်၊ မူလတွင် ဥယျာဉ်ခြံပန်းမန်စိုက်ပျိုးရေး၊ အပင်ရောဂါ မှိုသတ်ဆေးများ၊  ပိုးသတ်ဆေး ဓာတ်ကြွင်းအန္တရာယ် စသည့် ခေါင်းစဉ်များဖြင့် ဆွေးနွေးပွဲများ ပြုလုပ်ခဲ့ပါသည်၊
    နာဂစ်အလွန် ကာလတွင် NGO,INGO များတွင် တာဝန်ထမ်းဆောင်နေသည့် စိုက်ပျိုးရေး ဘွဲ့ရ၀န်ထမ်းများ၏ တောင်းဆိုချက်အရ စိုက်ပျိုးရေးတက္ကသိုလ်ဌာနဆိုင်ရာမှ အငြိမ်းစား ဆရာကြီး၊ ဆရာမကြီးများ၊ ပညာရှင်များကို ဖိတ်ခေါ်လျှက် Information sharing ကဏ္ဍကို စတင်၍ ဆောင်ရွက်ခဲ့ပါသည်၊  2011 ဖေဖော်ဝါရီလ တွင် ဥယျာဉ်ခြံသီးနှံဘာသာရပ် ဆိုင်ရာကို ဒေါက်တာစိန်လှဗိုလ်(ညွှန်မှူး၊ ငြိမ်း စိုက်-သု)(ယခုနိုင်ငံတော်သမ္မတ၏ အကြံပေးအဖွဲ့ အဖွဲ့ဝင်) ကလည်းကောင်း၊ 2011 ခုနှစ် (မတ်)တွင် ဒေါက်တာချိုချိုမြင့်(ဒုတိယပါမောက္ခချုပ်(ငြိမ်း)စိုက်-တက္ကသိုလ်)က (ဓာတ်မြေသြဇာ စနစ်တကျ သုံးစွဲမှု) Alternative Agriculture ခေါင်းစဉ်ဖြင့် လည်းကောင်းဆွေးနွေးခဲ့ပါသည်၊ 2011 ခုနှစ် မေလ 14 ရက်တွင် အပင်ရောဂါနှင့် မှိုသတ်ဆေးများ၊ ခေါင်းစဉ်ဖြင့် စိုက်ပျိုးရေးပညာရှင် ဦးဝင်းသန်း ဦးဆောင်ကာ ကွမ်းကို အဓိကထားဆွေးနွေးသွားခဲ့ကြောင်း သိရှိရပါသည်၊



No comments:

Post a Comment

Nattalin Township

သူရိယ အလင်း - လိုင်းပေါင်းစုံ

ရောင်တော်ဖွင့်လူငယ်အဖွဲ့ လှုပ်ရှားမှု(နတ်တလင်းမြို့)

HEART TO HEART

ဟိတကာရီ နာရေးကူညီမှုအသင်း

DoReMe

Pyithu Hluttaw - ပြည်သူ့လွှတ်တော်

ရဲဇာနည်

Eleven Media Group

Shwemyanmar media group

Health Articles

အိပ်ရေးပျက်တဲ့ညများ

နောက်တစ်ကြိမ် လာလည်ဖို့ ဖိတ်ခေါ်ပါတယ် ဆက်လက်ကြိုးစားပေးပါမယ် .... တာရာ ပွကြီး