လုပ်ငန်း
ခွင်ထဲ တစ်နေကုန် အလုပ်လုပ်ရာမှာ အလုပ် လည်းတွင်၊ စွမ်းအင်လည်း ပြည့်ဝ၊
လန်းဆန်း မှုလည်း အပြည့် ရှိနေစေဖို့ ကျွမ်းကျင်သူတွေက
နာရီအပိုင်းအခြားအလိုက် ဘယ်လိုဖြတ်သန်းသင့် တယ်ဆိုတာကို အကြံပြုထားပါတယ်။
နံနက် ၆နာရီ အိပ်ရာထချိန်
ကြိုးစားပါ
- တကယ်နိုးထသင့်တဲ့ အချိန်ထက် ၁၅ မိနစ်စောပြီး နှိုးစက်ပေးထားပါ။
ဒါဆိုရင် အိပ်ရာက ဝုန်းခနဲ ထစရာမလိုဘဲ စိတ်ရော ခန္ဓာကိုယ်ကိုပါ
သက်တောင့်သက်သာရှိရှိ နိုးထနိုင်ပါလိမ့်မယ်။
ကျွမ်းကျင်သူ၏
အကြံပြုချက် - အခန်းကို ကန့်လန့်ကာ ပါးပါးချပြီး အိပ်ပါ။ နံနက်
နေခြည်နုနုထွက်လာချိန်မှာ ဦးနှောက်မှ အိပ်စက်မှုဆိုင်ရာ
မယ်လတိုနင်ဟော်မုန်းထွက်နှုန်းကို လျော့ကျစေပြီး နိုးကြားစေတဲ့
အဒရီနယ်လင်ဟော်မုန်း စတင်ထွက်ရှိလာပါလိမ့်မယ်။ဒါကြောင့်နှိုးစက်
ပိတ်လိုက်တဲ့အချိန်မှာ သင့်ခန္ဓာ ကိုယ်က တစ်ဝက်နိုးကြားပြီး
ဖြစ်နေပါလိမ့်မယ်။
နံနက် ၇နာရီ အပြင်မထွက်ခင်
ကြိုးစားပါ - ဇီဝရုပ်ဖြစ်ပျက်မှုကို စတင်လုပ်ဆောင်နိုင်စေဖို့ နံနက်စာစားပေးပါ။
ကျွမ်းကျင်သူ၏
အကြံပြုချက် - နံနက်စာအဖြစ် ပန်းသီး၊ အခွံမာတဲ့အစေ့အဆန်နဲ့
ပေါင်မုန့်ညိုတစ်ချပ်ကို စားပေးရင်တောင် ကယ်လ်စီယမ်နဲ့
ပရိုတင်းဓာတ်တို့ရရှိကာ တစ်နေ့လုံး စွမ်းအင်ပြည့်ဝ နေပါလိမ့်မယ်။
နံနက် ၈နာရီ အလုပ်သွားရာ လမ်းမှာ
ကြိုးစားပါ
- ရုံးနဲ့ နီးနီးမှာ နေထိုင်သူတွေအနေနဲ့ ရုံးကို လမ်းလျှောက်ြပီး
သွားသင့်ပါတယ်။ ဒီလို လမ်းလျှောက်သွားတာကြောင့် စိတ်ဖိစီးမှုကို
လျော့ကျစေပြီး မောပန်းနွမ်းနယ်မှု ပြေပျောက်စေကာ ဖျားနာနိုင်ခြေ
လျော့ပါးကြောင်း လေ့လာသူတွေက ဆိုပါတယ်။
ကျွမ်းကျင်သူ၏ အကြံပြုချက် -
လမ်းလျှောက်သွားလို့ မရရင် ဘတ်စကားပေါ် ဒါမှမဟုတ် ရထားပေါ်ထိုင်ရင်း၊
ရပ်ရင်း တရားမှတ်ပေးပါ။ စိတ်ဖိစီးမှုကို ပြေလျော့စေပါတယ်။
နံနက် ၉နာရီ အစီအစဉ်ကျစေရန် အချိန်နည်းနည်းယူပါ
ကြိုးစားပါ
- ရှုပ်ပွနေတဲ့ စားပွဲခုံဟာ စိတ်ဖိစီးမှု ပိုဖြစ်စေပါတယ်။
အဲဒီစားပွဲခုံကိုရှင်းဖို့ အချိန်ကလည်း မရှိလောက်အောင် များနေတယ်ဆိုရင်
အလုပ်ကိုရောက်ရောက်ချင်း ရှင်းပါ။ ပြီးရင် တစ်နေ့တာလုပ်စရာ ရှိတာတွေကို
စာရင်းရေးမှတ်ထားသင့်ပါတယ်။
ကျွမ်းကျင်သူ၏ အကြံပြုချက် - အီးမေးအသုံးမပြုခင် စာရွက်တွေစီဖို့၊ ရှင်းလင်းဖို့ တစ်မိနစ်-ငါးမိနစ်ခန့် အချိန်ယူပါ။
နံနက် ၁၀ နာရီ ကော်ဖီသောက်ချိန်လား
ကြိုးစားပါ
- ကော်ဖီကို အလုပ်တွင်ကျယ်စေတဲ့ ဆေးလို့ ဟားဗတ်ဆေးကျောင်းက ပါမောက္ခ
တစ်ဦးက ဆိုပါတယ်။ ကော်ဖီကို များများ သောက်ရင်တော့ စိတ်ဖိစီးမှုကို
ဖြစ်စေနိုင်ပြီး တချို့လူတွေမှာ ရင်တုန်တတ်ပါတယ်။
ကျွမ်းကျင်သူ၏
အကြံပြုချက် - နံနက် ၁၀နာရီက ကော်ဖီတစ်ခွက် သောက်သင့်တဲ့ အချိန်ပါပဲ။
ကော်ဖီကြောင့် လန်းဆန်းကာ နံနက်ခင်း လုပ်စရာ ကိုင်စရာ ကိစ္စမှန်သမျှ အမြန်
ပြီးမြောက်စေပါတယ်။
နံနက် ၁၁ နာရီ သရေစာ မစားပါနှင့်
ကြိုးစားပါ
- ဒီအချိန်မှာ သရေစာကို ကြိတ်ဝါး စားသောက်ချင်စိတ် ဖြစ်ပေါ်တတ်ပေမယ့်
သရေစာစားတာကြောင့် စွမ်းအင် အဆင့်တက်လာမှာ မဟုတ်ပါဘူး။
ကိုယ်အလေး ချိန်လျော့ကျရေးကိုတောင် အဟန့်အတားဖြစ်စေတယ်လို့ လတ်တလော
လေ့လာမှုတစ်ရပ်က ဆိုပါတယ်။
ကျွမ်းကျင်သူ၏ အကြံပြုချက် -
နံနက်စာစားပြီး သရေစာထပ်စားတာက နေ့လယ်စာ စားချိန် ကို နောက်ကျ စေပါတယ်။
အစာစားချိန် တစ်ချိန်နဲ့ တစ်ချိန်ကြား အနည်းဆုံး သုံးနာရီခြား သင့်ပြီး
ငါးနာရီ ထက် မကျော်စေသင့်ဘူးလို့ ကျွမ်းကျင်သူတွေက အကြံပြုထားပါတယ်။
နေ့လယ် ၁၂ နာရီမှ ၁ နာရီ နေ့လယ်စာစားချိန်
ကြိုးစားပါ
- အလုပ်စားပွဲမှာ ထမင်းမစားပါနဲ့။ တစ်နေ့လုံး အလုပ်စားပွဲမှာ ထိုင်တာက
စွမ်းအင်ကို ယုတ်လျော့စေကာ ပျင်းရိငြီးငွေ့လာစေပါတယ်။
ကျွမ်းကျင်သူ၏
အကြံပြုချက် - နေ့လယ်စာစားပြီး မိနစ် ၂၀ လောက် လမ်းလျှောက်ပေးတာက
ဒိုပါမင်း၊ နော်အက်ပီနက်ဖရင်းနဲ့ဆီရိုတိုနင်အဆင့်ကိုအားကောင်းစေပါတယ်။အလုပ်ကို ပြန်ဝင်တဲ့အခါမှာ လည်း စွမ်းအင်ပိုရှိနေစေပါတယ်။
နေ့လယ် ၂ နာရီ တစ်ရေးအိပ်ပါ
ကြိုးစားပါ
- မျက်လုံးတွေကို ခဏတာမှေးမှိတ်ပြီး အနားပေးပါ။ အိမ်သာတက်ချိန်
ဒါမှမဟုတ် ကော်ဖီတည်ချိန်တွေထက် အချိန်ပိုကြာကြာမပေးရဘဲ စွမ်းအင်
ပြည့်လာစေပါလိမ့်မယ်။
ကျွမ်းကျင်သူ၏ အကြံပြုချက် - ကာကွယ်ရေးဆိုင်ရာ
လေ့လာမှု တစ်ရပ်အရ နေ့လယ် ၂ နာရီမှာ ၁၀ မိနစ် ခန့် အနားပေးတာက ကျန်တဲ့
တစ်ညနေခင်းလုံး စွမ်းအင်တိုးနေပါလိမ့်မယ်။
ညနေ ၃ နာရီ မျက်စိကို စစ်ဆေးပါ
ကြိုးစားပါ
- ဒီအချိန်မှာ သင့်မျက်စိတွေအရမ်းကို ပင်ပန်းညောင်းညာနေနိုင်ပါတယ်။
သင်လည်း နွမ်းနယ်နေနိုင်ပါတယ်။ ဒါကြောင့် မတ်တတ်ရပ်ပြီး ရေသောက်ရင်း
ပြန်လည် လန်းဆန်းအောင် ကြိုးစားသင့်ပါတယ်။
ကျွမ်းကျင်သူ၏ အကြံပြုချက်
- ၂၀-၂၀ စည်းမျဉ်းကို လိုက်နာပါ။ ဆိုလိုတာက မိနစ် ၂၀ ကြာတိုင်း
သင့်ကွန်ပျူတာ မော်နီတာနဲ့ ၂၀ ပေ အကွာရှိတစ်စုံတစ်ခု (အစိမ်းရောင်ဆိုရင်
ပိုကောင်းပါတယ်) ကို စက္ကန့် ၂၀ ခန့် ကြည့်ပေးရမှာပါ။
ညနေ ၄ နာရီ အကြောလျှော့ပါ
ကြိုးစားပါ
-အလုပ်စားပွဲမှာ အမြန်လုပ် နိုင်တဲ့ လွယ်ကူတဲ့
အကြောလျှော့နည်းတွေအများကြီး ရှိပါတယ်။ ဒီအကြောလျှော့နည်းတွေက အလုပ်ကို
အာရုံစူးစိုက်မှု ကောင်းစေမယ့်နည်းတွေပါ။
ကျွမ်းကျင်သူ၏ အကြံပြုချက် - ခန္ဓာကိုယ်ကို ဆွဲဆန့်နိုင်တဲ့ အကြောလျှော့နည်းတွေကို လုပ်ဆောင်ပေးပါ။
ညနေ ၅ နာရီ စိတ်ကို လျှော့ချလိုက်ပါ
ကြိုးစားပါ
-အလုပ်ဆင်းချိန် ငါးနာရီ ဒါမှမဟုတ် ငါးနာရီခွဲမှာ ပြန်ဖို့
ပြင်ဆင်သင့်ပါပြီ။ တစ်နေ့ ရှစ်နာရီထက် ပိုပြီးအချိန်ပိုလုပ်တာက
ကိုယ်ခံစွမ်းအားစနစ်ကို ထိခိုက်စေတာကြောင့် နောက်ဆက်တွဲအနေနဲ့ ပြင်းထန်တဲ့
ကျန်းမာရေးပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။
ကျွမ်းကျင်သူ၏
အကြံပြုချက် - စိတ်ကို ဖြေလျှော့ပြီး အိမ်ပြန်ဖို့ပြင်ဆင်ပါ။
အိမ်ပြန်ချင်ဇောနဲ့ အမြန်အပြေးအလွှား မပြန်ပါနဲ့။ လုပ်ဖော်ကိုင်ဖက်တွေနဲ့
စကားပြောလိုက်၊ ရယ်မောလိုက်လုပ်ရင်း အိမ်ပြန်ပါ။
ညနေ ၅-၆ နာရီ အိမ်အပြန်လမ်းမှာ
ကြိုးစားပါ - သင်က တေးသီချင်းတွေကို ချစ်တတ်သူဆိုရင် နားကြပ်တပ်ကာ တေးသီချင်းနားဆင်ရင်း အိမ်ပြန်ပါ။
ကျွမ်းကျင်သူ၏
အကြံပြုချက် - အခုအချိန်က ဖိစီးမှုတွေ ဖြေလျှော့ပြီး အပန်းဖြေရမယ့်
အချိန်ပါ။ အိမ်ကအလုပ်နဲ့ အနီးအနားမှာဆိုရင် လမ်းလျှောက်ရင်း အပန်းဖြေကာ
ပြန်ပါ။
ဇွန်ခိုင်ဦး(ဆေးတက္ကသိုလ်)
Ref:Good Health
Source: http://yoolay.com/health/health-article/26470-2012-05-25-08-43-20
No comments:
Post a Comment