သမ္မတနှင့် ၁၉၉၀ ရွေးကောက်ပွဲဝင် တိုင်းရင်းသားပါတီများ တွေ့ဆုံမည်
by 7Day News Journal on Wednesday, July 25, 2012 at 4:13pm ·
နိုင်ငံတော်သမ္မတနှင့် ၁၉၉၀ ရွေးကောက်ပွဲဝင် တိုင်းရင်းသားပါတီများ အပါအ၀င် ပါတီ ၁၄ ခုနှင့် နှစ်ပတ်အတွင်း တွေ့ဆုံရန်ရှိကြောင်း သတင်းရရှိသည်။
“အခု စနေ၊ တနင်္ဂနွေ မဟုတ်ရင် နောက်အပတ်ပေါ့။ သမ္မတကြီးပြန်လာရင် ဦးအောင်မင်းတို့က စီစဉ်ပေးမယ် ပြောတယ်”ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်မှ ဒုတိယခေါင်းဆောင် ဦးစိုင်းညွန့်လွင်က ပြောသည်။
ထိုသို့ နိုင်ငံတော်သမ္မတနှင့် တွေ့ဆုံခြင်းမပြုမီ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသော ရထားပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းတို့သည် ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ ပါတီအချို့ အပါအ၀င် ပါတီ ၁၄ ခုတို့နှင့် ဇူလိုင်လ ၂၂ ရက်တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။ SNLD၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၊ ကရင်ပြည်သူ့ပါတီ၊ ဇိုးမီးအမျိုးသားကွန်ကရက်စသော ပါတီများ ပါဝင်သည်။ “ငြိမ်းချမ်းရေး ကိစ္စတွေ၊ လက်ရှိ ချင်းပြည်နယ်မှာ ဖြစ်ပျက်နေတာတွေကို သမ္မတကိုတင်ပြသွားမယ်”ဟု မကြာသေးမီက နိုင်ငံရေးပါတီ တည်ထောင်ခွင့်ရခဲ့သော ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်မှ အတွင်းရေးမှူးဦးကမ်းလျန်က ပြောသည်။ ပြည်ထောင်စုဝန်ကြီးများနှင့် အကြိုဆွေးနွေးကြရာတွင် တိုင်းရင်းသားအရေးကိစ္စများ၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ဆိုင်သော ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း ဦးစိုင်းညွန့်လွင်ကဆိုသည်။ ယခုလ ၁၈ ရက်ကလည်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ဒီမိုကရေစီမိတ်ဆွေ ၁၀ ပါတီတို့သည် နေပြည်တော်ရှိ သမ္မတ၏ လယ်တောရိပ်သာတွင် တွေ့ဆုံခဲ့ကြသည်။
ဓာတ်ပုံ- နိုင်ငံတော်သမ္မတရုံး
No comments:
Post a Comment