စဉ်းစားရခြင်းအလုပ်....

“ဝါဒအသစ်အဆန်းတစ်ခုပေါ်လာသည့်အခါ ရာခိုင်နှုန်းအတော်များသည့် လူသတ္တဝါများသည် စဉ်းစားဖို့အတော်ပျင်းရိကြ၏။ နက်နဲသောအခြင်းအရာတစ်ခုကို စဉ်းစားရခြင်းအလုပ်သည် ဦးနှောက်ရှုပ်သည်ဟု ဆိုကြ၏။ စဉ်းစားရသောအလုပ်၌ ဝါသနာပါသူ အနည်းငယ်တို့အဖို့မှာလည်း အမှန်သို့မရောက်နိုင်သည့်အတားအဆီးများ ရှိနေကြပြန်လေသည်။ ၎င်းတို့မှာ-
(၁) မိရိုးဖလာအစဉ်အလာကို မပယ်နိုင်ခြင်း၊
(၂) သဘာဝကျမကျကို ဆုံးဖြတ်တတ်သည့် ဉာဏ်မျိုးနုံနဲ့ခြင်း၊
(၃) မိမိအလိုဆန္ဒနှင့် ဆန့်ကျင်ဘက်ဖြစ်နေသည့် သဘောတရားတစ်ခုကို လက်မခံလိုခြင်း၊
တို့ဖြစ်လေသည်။

“မကောင်းကွက်ကိုသာ ကြည့်မည်ဆိုလျှင်
ပေါင်းနိုင်စရာပုဂ္ဂိုလ်မရှိ၊
ကောင်းကွက်ကိုသာ ကြည့်မည်ဆိုလျှင်
မပေါင်းနိုင်စရာပုဂ္ဂိုလ်မရှိ။”

“အနည်းငယ်ကိုစွန့်လှူရုံမျှဖြင့် များများကြီးကောင်းကျိုးပြန်ရမည်ကို သိသောပညာရှိသည် အနည်းငယ်သောလှူဖွယ်ဝတ္ထုကို စွန့်လှူဖို့ဝန်မလေးအပ်။”

“အတွေးအခေါ်ဉာဏ်ပညာကြီးမားသောသူသည် သူတစ်ပါးအမှားကိုကြည့်၍ မိမိအမှားမဖြစ်အောင် သင်ခန်းစာယူတတ်သည်။
အတွေးအခေါ်ဉာဏ်ပညာနည်းသောသူသည် မိမိကိုယ်တိုင်မှားမှသာ သင်ခန်းစာယူတတ်သည်။
အတွေးအခေါ်ဉာဏ်ပညာမရှိသောသူများကား မိမိကိုယ်တိုင်မှားတာကိုပင်လျှင် သင်ခန်းစာမယူတတ်။”