မြန်မာ့ ပုဂ္ဂလိက ကဏ္ဍ ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေး ကျင်းပမည်



ရန်ကုန်၊ သြဂုတ် ၃

မြန်မာနိုင်ငံတွင် ပထမဆုံး အဖြစ် ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ ထိပ်သီး အစည်းအဝေးပွဲ တစ်ရပ်ကို ရန်ကုန်မြို့တွင် လာမည့် နိုဝင်ဘာလ ၁ ရက်နေ့ မှ ၂ ရက်နေ့အထိ ကျင်းပသွားရန်ရှိကြောင်း ယင်းထိပ်သီး အစည်းအဝေး အဖွဲဖြစ်မြောက်ရေး စီစဉ်နေသည့် Advantique Group မှ The Voice Weekly သို့ပြောကြားသည်။

အဆိုပါ ညီလာခံတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေ သစ် ၊ ငွေကြေး လဲလှယ်နှုန်း နှင့် ဘဏ်လုပ်ငန်း ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ အပြင် လယ်ယာ စိုက်ပျိုးရေး ၊ သားငါးနှင့် ကုန်ထုတ်လုပ်မှု ကဏ္ဍ ၊ ဧည့်လမ်းညွှန် ကဏ္ဍ အစရှိသည် တို့ကိုအထူးပြု ဆွေးနွေးသွားမည် ဖြစ်ကြောင်း ပြန်ကြားရေး တာဝန်ခံ ရှန်နန် (Shannen) က ပြောသည်။

“မြန်မာမှာလာပြီးရင်နှီးမြှုပ်နှံဖို့စောင့်နေတဲ့ ကုမ္ပဏီတွေအတွက် အကျိုးရှိနိုင်သလို ၊ မြန်မာ နိုင်ငံထဲမှာရှိနေတဲ့ ကုမ္ပဏီတွေ အတွက်လည်း အဆက်သွယ်အတွေ့အကြုံတွေ ပိုမိုရရှိနိုင်မှာပါ” ဟု ယင်းကဲ့သို့ ထိပ်သီး အစည်းအဝေးကျင်းပရခြင်းဖြင့် ရရှိလာမည့် အကျိုးဆက်များနှင့်ပက်သက်၍ ၄င်းက ရှင်းပြခဲ့သည်။

အစည်းအဝေးကျင်းပမည့် နေရာအတည်အကျကိုမူ ယခုအချိန်ထိ မဆုံးဖြတ်ရသေးကြောင်း ၄င်းက ထပ်လောင်းပြောကြားသည်။

လက်ရှိ မြန်မာနိုင်ငံသို့ နိုင်ငံပေါင်း ၃၁ နိုင်ငံမှရင်းနှီးမြုပ်နှံမှုများ လာရောက်ပြုလုပ် လျက်ရှိရာ တရုတ်နိုင်ငံသည် ရင်းနှီးမြှုပ်နှံမှု အများဆုံးနိုင်ငံဖြစ်ပြီး အမေရိကန်ဒေါ်လာ ၁၃ ဒသမ ၉၄၇ ဘီလီယံ ရှိပြီး ၊ဒုတိယအများဆုံးမှာ ထိုင်းနိုင်ငံဖြစ်ပြီး အမေရိကန်ဒေါ်လာ ၉ ဒသမ ၅၆၈ ဘီလီယံ ရှိကြောင်း ၊ ကျန်နိုင်ငံများမှာ ဟောင်ကောင် ၊ တောင်ကိုရီးယား ၊ ဗြိတိန် ၊ စင်ကာပူ နိုင်ငံတို့ဖြစ်ကြသည်။