အလွဲသုံးစားလုပ်သည့် မီးရထားဝန်ထမ်း ၄၅ ဦးကို တာဝန်မှရပ်စဲသည်အထိ အရေးယူ


ရန်ကုန်၊ ဇူလိုင်-၃၀

မြန်မာ့မီးရထားမှ အလွဲသုံးစားလုပ်သည့် ၀န်ထမ်း ၄၅ ဦးကို တာဝန်မှရပ်စဲကာ အလုပ်ဖြုတ်သည်အထိ အရေးယူလိုက်ကြောင်း မြန်မာ့မီးရထား ရုံးချုပ် (နေပြည်တော်)အဆင့်မြင့်အရာရှိတစ
်ဦးက ပြောသည်။

ထို့အပြင် မိုးညှင်းတွင် တာဝန်ထမ်းဆောင်နေသော တိုင်းအဆင့်အရာရှိတစ်ဦးကိုလည်း လက်ထောက်တိုင်းအဆင့်သို့ လျှော့ချလိုက်ကြောင်း သိရသည်။ ထိုကြောင့် ၀န်ထမ်း ၄၆ ဦးကို အရေးယူလိုက်ခြင်းဖြစ်သည်။ “မီးရထားမှာ အရေးယူမှုတွေ လုပ်ဖူးတယ်ဆိုပေမယ့် ဒီတစ်ကြိမ်က အရေးယူတဲ့လူအရေအတွက် အများဆုံးပဲ”ဟု အထက်ပါပုဂ္ဂိုလ်က ပြောသည်။ ၎င်းဝန်ထမ်းများမှာ စက်သုံးဆီအလွဲသုံးစားပြုလုပ်မှုဖြင့် အရေးယူ လိုက်ခြင်းဖြစ်ကြောင်း မြန်မာ့မီးရထားနေပြည်တော်ရှိ စက်မှုနှင့်လျှပ်စစ်အင်ဂျင်နီယာဌာနမှ အဆင့်မြင့်အရာရှိတစ်ဦးကပြောသည်

“အရေးယူတာက လမ်းထဲကို ကျောက်ချရတဲ့ ရထားတွေကလည်း ကျောက်မချဘဲ ကျောက်ချတယ်ဆိုပြီး ဆီထုတ်ယူတဲ့သူတွေရယ်၊ လူစီးရထား ရှေ့မှာ လှည့်တဲ့ရထားကလည်းမလှည့်ဘဲ ဆီထုတ်ယူတဲ့သူတွေကို အရေးယူလိုက်တာ”ဟု ၎င်းကပြောသည်။ ၎င်းတို့ကိုစက်ခေါင်းမောင်းသူ အချင်းချင်း အဆင်မပြေဖြစ်၍ တိုင်ကြားရမှသိရ၍ ဒုတိယအထွေထွေမန်နေဂျာများ သွားရောက် စစ်ဆေးအတည်ပြုကာအရေးယူလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

“ဒါတွေကို အရေးယူနိုင်ဖို့ မန်နေဂျာနဲ့ အထွေထွေမန်နေဂျာ ၁၀ ဦးလောက်ကဆုံးဖြတ်ပြီး ၀န်ကြီးရုံးကို တင်ပြပြီး အရေးယူလိုက်တာပါ” ဟု အထက်ပါပုဂ္ဂိုလ်ကပြောသည်။ လက်ရှိတွင် ၎င်းတို့ကို မိမိတို့သုံးစွဲထားသော ငွေပမာဏအတိုင်း ပေးလျော်ရန် ပြောကြားထားပြီး
ပေးလျော်နိုင်ခြင်း မရှိပါက ထောင်ကျသည်အထိ အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။ လျော်ကြေးပေးရမည့်အများဆုံးဝန်ထမ်းမှာ ကျပ် ၆၂ သိန်းဖြစ်သည်။